အလင်း၊ စက်တင်ဘာ ၃ ရက်၊ တီးတိန်
ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းရေ ရေကြီးရေလျှံမှုဖြစ်ကာ ဘုရားကျောင်းအပါအဝင် နေအိမ်တွေ ရေစီးမျောပါ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်ကတည်းက မိုးတွေ ရွာသွန်းခဲ့တာဖြစ်ပြီး မိုးကြောင့် ကွဲချောင်းရေ မြှင့်တက်လာကာ ရေတိုက်စားမှုဖြစ်ပြီး ခိုင်ကမ်းမြို့ရှိ Maranatha AG ဘုရားကျောင်းအပါအဝင် နေအိမ်တွေ ရေထဲမျောပါပျက်စီးသွားတယ်လို့ သိရပါတယ်။
“မိုးအဆက်မပြတ် ရွာသွန်းတာ သုံးရက်လောက်ရှိပါပြီ။ ဒီနေ့မှာ တောင်ကျရေကြောင့် ကွဲချောင်းရေ ရုတ်တရက် မြှင့်တက်ပြီး ရေတိုက်စားမှု ဖြစ်ပေါ်နေတယ်။ ရေက ဗြုန်းစားကြီး ရေကြီးတာဆိုတော့ ပြင်ဆင်ဖို့အချိန်တောင် မရလိုက်ဘူး။ ဘုရားကျောင်းတစ်ကျောင်း ရေစီးထဲ မျောပါသွားတယ်။ လူနေအိမ်တွေလည်း ပါတယ်” လို့ ခိုင်ကမ်းမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကွဲချောင်းရေ ရေကြီးရေလျှံမှုကြောင့် ခိုင်ကမ်းမြို့အနိမ့်ပိုင်း ရေမြှုပ်တာကြောင့် လူရာနဲ့ချီလည်း ဘေးလွှတ်ရာကို အရေးပေါ် ပြောင်းရွှေ့နေကြရတယ်လို့ သိရပါတယ်။
“အနိမ့်ပိုင်းမှာ ရေတွေ မြှုပ်တယ်။ အဲရေမြှုပ်တဲ့ရပ်ကွက်ကလူတွေ ရာနဲ့ချီ အမြင့်ပိုင်းမှာ အရေးပေါ် ယာယီ ပြောင်းရွှေ့နေထိုင်ကြရသလို ပစ္စည်းတွေလည်း ပြောင်းရွှေ့ရတယ်။ လမ်းတံတားတွေလည်း ရေစီးသန်ပြီး ထိခိုက်ပျက်စီးသွားတယ်” လို့ အထက်ပါ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ခိုင်ကမ်းမြို့နဲ့ တဆက်တည်း ရှိနေတဲ့ ကလေးမြို့မှာလည်း ဥပုသ်ချောင်းရေ လျှံတက်လာမှုကြောင့် ရပ်ကွက်တချို့မှာ ရေနစ်မြှုပ်ပြီး လူတွေဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရကာ စာသင်ကျောင်းလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။