ဓာတ်ပုံ – SPM

By ပပ၊ ရွှေဖီမြေ

‎တိမ်ခိုး ဝေ့ဝဲနေတဲ့ တောင်တန်းပြာတွေက ပွေ့ဖက်ထားတဲ့ ရှမ်းမြောက်မြေဟာ သဘာဝတရားရဲ့ အနုပညာလက်ရာမွန်တစ်ခုလို ဆန်းကြယ်လှပလွန်းပါတယ်။ စိမ်းစိုနေတဲ့ တောင်စောင်းတွေ၊ လှိုင်းထရေပြင်ပမာ ယိမ်းထွက်နေတဲ့ တောင်ယာခင်းတွေနဲ့အတူ အလှအပကို ပြနေတဲ့ ပျိုမဒီတစ်ပါးလိုပါပဲ။

မြူခိုးစင်းစင်းကြားက နေရောင်ခြည်နွေးနွေး ကျဆင်းချိန် ချယ်ရီပန်း၊ ချဉ်ပေါက်ပန်းတွေနဲ့အတူ အပြိုင်အဆိုင် လှနေတဲ့ အမျိုးသမီးတွေဟာလည်း ရိုရှင်းစွာ အလှတရားတွေနဲ့ပေါ့။

ရှမ်းမြောက်တောင်တန်းတွေရဲ့ အလှတရား နောက်ကွယ်မှာတော့ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ဘဝဟာ မသမာသူတွေ၊ ခရိုနီတွေ၊ စီးပွားရေးသမားတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွား နယ်ရုပ်တွေအဖြစ် စက်ဝိုင်းဆိုးကြီးအတွင်း ပိတ်လှောင်ခံထားရသလို ရှိလာပါတယ်။

သဘာဝ သယံဇာတတွေကို နည်းမျိုးစုံနဲ့ ခြယ်လှယ်မောင်ပိုင်စီးနေကြတဲ့ စီးပွားရေးသမား ခရိုနီတွေနဲ့ အာဏာစက် ပြနေတဲ့ လက်နက်ကိုင်တချို့ရဲ့ အနိုင်ကျင့်စိစစ်မှုကြားက အမျိုးသမီးတွေဟာ လုံခြုံမှုမဲ့စွာ အကြောက်တရားအောက်မှာ ကြိတ်မှိတ်ရုန်းကန်နေရသလိုပါ၊

‎ရှမ်းမြောက်ရှိ နေရာအများစုနဲ့ ဒေသတွင်းက အမျိုးသမီးနဲ့ကလေးတွေရဲ့ ဘဝဟာလည်း မသမာသူ၊ ခရိုနီ၊ စီးပွားရေးသမားနဲ့ လက်နက်ကိုင် စတဲ့သူတွေရဲ့ လက်ထဲမှာသာ ရေစုံမျှောသွားရတော့မလားဆိုတဲ့ မေးခွန်းဟာ အမျိုးသမီးတွေရဲ့ နက်ရှိုင်းတဲ့အတွေးထဲ ရိုက်ခတ်အသိပေးလာပါတယ်။

‎တောတောင်၊ ရေမြေတွေ ခြံရံထင်းရှားလှပစီးမျှောနေတဲ့ အရှိတရားတွေကို လောဘသားတွေဖြစ်တဲ့ လူတစ်စုက တစ်‌ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ် တဖြေးဖြေးချင်း ခေတ်မှီလှတဲ့ စက်ယန္တရားတွေနဲ့ ခုတ်ထွင်ရှင်းလင်း တူးဖော်ရှာဖွေ သယ်ဆောင်နေကြတဲ့ မြင်ကွင်းတွေဟာ စိတ်မချမ်းမြေ့စရာ မြင်ကွင်းတွေပါ။

‎အဲဒါတွေကြောင့် စိမ်းစိုလှပတဲ့ တောတောင်ရေမြေထဲ နေထိုင်ကျက်စားကြတဲ့ ရှမ်းမြောက်ရှိ တအာင်းဒေသထဲက ရိုးသားဖြူစင်လှတဲ့ တအာင်းလူ‌ထုတချို့ရဲ့ အေးချမ်းလှတဲ့ လူနေမှုဟာ လက်ရှိမှာတော့ တစ်စစီ ကြိုးပဲ့နေကြပါပြီ။

‎သဘာဝအလှကို အမြတ်ထုတ်ကြတဲ့ မသာမာသူတွေဟာ လူထုထဲက လူထုတွေဖြစ်တဲ့ ခန္ဓဗေဒအရ အားနွဲ့အားပျော့ကြတဲ့ အမျိုးသမီးနဲ့ကလေးတွေရဲ့ဘဝကို တစ်ဆင့်ချင်းနဲ့ တစ်ဆတစ်ဆ သွယ်ဝိုက်နည်းနဲ့ ထင်ထင်ရှားရှား ရိုက်ခတ်လာတာကို တွေ့နေရပါတယ်။

‎တအာင်းဒေသအများစုရှိ အမျိုးသားတွေထဲက တချို့ဟာ စစ်မှုထမ်းကြတာနဲ့ တချို့ကတော့ မိသားစု စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ပြည်တွင်းပြည်ပရှိ အလုပ်အကိုင်တွေကို ထွက်လုပ်နေကြရတာကြောင့် ဒေသတွင်းမှာ လူငယ်၊ လူလတ်ပိုင်းအမျိုးသားတွေ မရှိသလောက် ရှားပါးသွားပြီး အများစုက သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ကလေးတွေသာ ကျန်ရစ်နေကြသလို ဖျက်ဆီးသူတွေကြောင့် သဘာဝတရား ပျက်စီးရင် ပထမဆုံးနဲ့ ချက်ချင်းလက်ငင်း ထိခိုက်နစ်နာမဲ့သူဟာ အမျိုးသမီးနဲ့ကလေးအပါအဝင် သက်ကြီးပိုင်းတွေသာ ဖြစ်ကြမှာပါ။

‎”ရွာက တောင်ယာ အပေါ်ဘက် တရုတ်တွေ ဆိုဒ်တစ်ခု လာထောင်တယ်။ ဘာလုပ်တာလဲတော့ မသိရဘူး။ အရင်က အလုပ်သွားရင် အလုပ်ကထွက်တဲ့ရေပဲ ခတ်သောက်ကြတာ။ အခုက ကျမတို့ တောင်ယာ လယ်ယာ သွားရင် အိမ်ကနေ ရေထမ်းသွားရတယ်။ ခြံမှာ အမြဲတမ်း သောက်နေတဲ့ချောင်းက သောက်လို့မရတော့ဘူး။ အနီရောင် ဖြစ်ကုန်ပြီ” လို့ အသက် ၂၇ နှစ်အရွယ် မအေးဆမ်က ပြောပါတယ်။

‎တောင်ယာခြံခင်းထဲ သောက်သုံးရေ မရှိတော့ဘဲ မိနစ် ၄၀ ဝန်းကျင်ဝေးတဲ့ လမ်းခရီးကို မိသားစု‌ရဲ့ တစ်နေ့တာ အလုပ်လုပ်ရင်း သောက်သုံးဖို့ နေအိမ်ကနေ ရေ ၁၀ ပိသာ(ဆီပုံး) ပုံးအဝါကို ထမ်းပြီး ၇ လ ကလေးကိုပါ ပိုးပြီးတော့ ခြေလျင်လျှောက် အလုပ်သွားနေရတဲ့ အသက် ၂၇ နှစ်အရွယ် မအေးဆမ်ရဲ့ ပုံရိပ်ဟာ ခက်ခဲလှတဲ့ ဒေသခံအမျိုးသမီးရဲ့ ပုံရိပ်စစ်စစ်တစ်ခုပါ။

ဘယ်လောက် ခက်ခဲကြမ်းတမ်းလိုက်ပါသလဲ။

‎သူမဟာ မန်တုံမြို့နယ်နဲ့ နမ္မတူမြိုနယ်ကြားရှိ အိမ်ခြေ ၁၀၀ နီးပါးရှိတဲ့ ကျေးရွာတစ်ရွာမှာ နေထိုင်ပြီး အသက် ၇၀ နီးပါးအရွယ် မိဘဖြစ်သူနဲ့ သားသမီး ၃ ဦးနဲ့အတူ နေထိုင်နေရတဲ့သူပါ။

‎မအေးဆမ်ဟာ သူမတို့ရွာအနီးမှာ တရုတ်ကုမ္ပဏီတစ်ခုက မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတစ်ခုကို လုပ်ဆောင်နေမှန်း မသိပါဘူး။ ဒေသခံတွေ သိခွင့်မရှိဆိုကတည်းက လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တာ ခန့်မှန်းလို့ ရနေပါပြီ။

‎”တောင်ကုန်းကို စက်နဲ့ ကုတ်ကြတယ်။ အိမ်တွေအများကြီး ဆောက်တယ်။ အပေါက်အကြီးကြီးတွေ ဖောက်တယ်” လို့ ရိုးသားစွာနဲ့သာ သူမက ဆက်ပြီး ပြောပြပါတယ်။

‎တချို့ရက်မှာ ရွာကနေ ပါလာတဲ့ သောက်သုံးရေ မလောက်တာကြောင့် အဲဒီ နီရဲနေတဲ့ ရေကိုသာ ကလေးတွေနဲ့အတူ သောက်သုံးခဲ့ကြရကြောင်း မအေးဆမ်က ပြောပြပါတယ်။

ဒီရေနီတွေကို သောက်သုံးလာတာ အကြိမ်ပေါင်း မနည်းတော့တာကြောင့် ကလေးတွေအပါအဝင် မအေးဆမ်ကလည်း ခန္ဓာကိုယ်အနှံ့အပြား ယားယံလာတဲ့ဝေဒနာကို စတင်ခံစားနေကြရသလို ပင်ပန်းတဲ့ အလုပ်ကိုလည်း အရင်လို မလုပ်နိုင်တော့ဘဲ လွယ်လွယ်ကူကူ ပင်ပန်းလာတာကြောင့် လက်ရှိမှာ အလုပ်နားနေရပြီး ကုသဖို့ ဆေးဖိုးဝါးခကိုလည်း ဆွေမျိုးအသိုင်းအဝိုင်းတွေဆီကနေ ချေးငှားပြီး ကုသနေရပါတယ်။

သောက်သုံးရေ မသန့်ရှင်းမှုကြောင့် သူတို့မိသားစုဟာ ကျန်းမာရေးပြသာနာကို စတင်ခံစားနေကြရသလို အလုပ်အကိုင်လည်း ပုံမှန်ပြန်မလုပ်ကိုင်နိုင်တာကြောင့် ကျောင်းတက်နေတဲ့ အသက် ၁၀ နှစ်အရွယ် ကလေး ၂ ယောက်လည်း ကျောင်းထွက်နေရပြီး အသက် ၇၀ နီးပါးအရွယ် အဖိုး အဖွားနဲ့ အသက် ၇ လသာ ရှိသေးတဲ့ ညီမဖြစ်သူကို မိခင်နဲ့အတူ ကြည့်ကူ၊ လုပ်ကျွေး၊ ပြုစုပေးနေရပါတယ်။

သဘာဝ တောတောင်အလှတရားကို ဖျက်ဆီးနေကြတဲ့လူတစ်စုဟာ တစ်ပြိုင်နက်တည်းမှာပဲ သာယာအေးချမ်းလှတဲ့ မအေးဆမ်တို့ရဲ့ဘဝကိုလည်း ရိုက်ချိုးပစ်ခဲ့သလို ကလေးတွေရဲ့ ပညာရေးကိုပါ ဟန့်တားပစ်ခဲ့ကြပါတယ်။

အလားတူဖြစ်စဉ်မျိုးကို မအေးဆမ်တို့မိသားစုတွေသာ ကြုံတွေ့ခံစားခဲ့နေကြရတာ မဟုတ်ပါဘူး။ အိမ်ခြေ ၁၀၀ နီးပါးထဲမှာမှ အိမ်ခြေ ၆၀ ဝန်းကျင်က သတ္တုတူးဖော်မှုကြောင့် ရေညစ်ညမ်းတဲ့ပြဿနာကို ကြုံတွေ့နေကြရကြောင်း ရွာခံတွေက ပြောပါတယ်။

မြို့နဲ့ အလှမ်းဝေးတာကြောင့် ကျေးရွာမှာ သောက်ရေသန့် မရရှိနိုင်သလို မျိုးရိုးစဉ်ဆက် သန့်ရှင်းတဲ့ တောင်ကျရေကိုသာ အမှီတဟဲ သောက်သုံးလာကြတဲ့ တိုင်းရင်းသားဒေသကို မြို့ပြကြီးကနေ ရောက်လာကြသူ လူတစ်စုက စီးပွားရေးအတွက် လာရောက်ဖျက်ဆီးပစ်တာကြောင့် လူထုတွေရဲ့ဘဝဟာ အလွန်ပင် ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။

ဒီနေရာတင် မကပါဘူး။ မန်တုံမြို့နယ်မှာ မြေရှားသတ္တု တူးဖော်တဲ့နေရာဟာ ဒေသခံတွေရဲ့ ပြောပြချက်အရနဲ့ လေ့လာတွေ့ရှိချက်အရ မြေရှားသတ္တု တူးဖော်တဲ့နေရာဟာ ၁၀ ခုကျော် ရှိနေပါတယ်။

၎င်းနေရာတွေမှာလည်း သတ္တုတူးဖော်မှုကြောင့် ရိုးသားလှတဲ့ ဒေသခံတွေဟာ သောက်သုံးရေအပြင် တခြားသော အန္တရာယ်အမျိုးမျိုးကို ကြုံတွေ့ခံစားနေကြရပါတယ်။

အန္တရာယ်တွေထဲမှာမှ အမျိုးသမီးနဲ့ကလေးတွေဟာ ပိုပြီးတော့ အန္တရာယ်နဲ့ နီးစပ်နေတာကို တွေ့နေရပါတယ်။

မန်တုံမြို့နဲ့ ၅ နာရီဝန်းကျင်ဝေးတဲ့ ကျေးရွာတစ်ခုရှိ မြေရှားသတ္တုတွင်းဟာ ကျေးရွာနဲ့ အလွန်နီးသလို ရွာခံတွေ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ လယ်ယာနဲ့ တောင်ယာအတွက် သန့်ရှင်းတဲ့ရေ မရတော့သလို သန့်ရှင်းတဲ့ရေ ရနိုင်ဖို့အတွက် အလုပ်မလုပ်နိုင်ကြသေးတဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေကသာ ရေခတ်တဲ့တာဝန်ကို ယူနေကြရပါတယ်။

ဓာတ်ပုံ – မန်တုံမြို့နယ် ဟူးလိန်ကျေးရွာမြင်ကွင်း (SPM)

အမျိုးသမီးတွေ ရေသွားခတ်ရတဲ့နေရာဟာ နာရီဝက်ဝန်းကျင် ဝေးသလို မြေရှားသတ္တုအဝင်ရဲ့ လုံခြုံရေးဂိတ်နဲ့လည်း နီးတာကြောင့် ရေသွားခတ်နေကြရတဲ့ အမျိုးသမီးငယ်တွေရဲ့ လုံခြုံရေးအတွက်လည်း မိသားစုတွေက စိုးရိမ်နေရကြောင်း မိခင်ဖြစ်သူ ယာယေက ပြောပါတယ်။

“သူတို့က တောင်ယာအလုပ် မလုပ်နိုင်ကြသေးဘူးလေ။ အဲဒါကြောင့် ရေပဲ ခတ်ခိုင်းတာပေါ့။ ရေခတ်ရင်လည်း စိတ်မချဘူး။ အဲနေရာမှာလည်း စစ်သားတွေ ရှိတယ်။ မိန်းကလေးဆိုတော့ တစ်ခုခုဖြစ်မှာ တအားကြောက်တယ်” လို့ ပြောပါတယ်။

လုံခြုံရေးကို စိုးရိမ်လို့ ရေ မခတ်ခိုင်းဘဲ မိမိကိုယ်တိုင် သွားခတ်ရင်လည်း အလုပ်အချိန်တွေ လစ်ဟာသွားမှာ ဖြစ်တာကြောင့် တချို့ရက်မှာ ရေသောက်သုံးစရာ မရှိဘဲ ရေငတ်ခဲ့ရတဲ့ နေ့ရက်တွေလည်း မနည်းခဲ့ကြောင်း ယာအေက စိုးရိမ်ပူပန်တဲ့အသံနဲ့ ပြောပြပါတယ်။

‎ဒါတင်မကပါဘူး။ လူတစ်စုဟာ သူတို့အခြေချနေထိုင်သွားလာရာ အရပ်ဒေသမှာ စီးပွားရေးနဲ့အတူ အမျိုးသမီးငယ်တွေကိုပါ လိင်အပျော်အပါးအတွက် သုံးနေတာကို တွေ့မြင်ကြမှာပါ။

“မိန်းကလေး အသက် ၁၆ နှစ်နဲ့ ၂၅ နှစ်ကြားပဲ သူတို့နဲ့အတူ ရှိကြတယ်။ လုပ်ချင်တဲ့ မိန်းကလေး ရှိရင်လည်း တစ်လကို သိန်း ၃၀ လို့ ပြောသံကြားတယ်”

အဲဒီအမျိုးသမီးတွေဟာ နယ်ခံအမျိုးသမီးတွေ မဟုတ်ကြဘဲ တခြားမြို့နယ်ကနေ ရောက်လာကြတဲ့ တိုင်းရင်းသားပေါင်းစုံက အမျိုးသမီးတွေ ဖြစ်ကြကြောင်း မြို့ခံအမျိုးသမီးက ပြောပါတယ်။

ဒါ့အပြင် မန်တုံမြို့နယ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ ဝင်ရောက်လာပြီးနောက်ပိုင်း စားသောက်ကုန်ဈေးနှုန်းနဲ့ အိမ်ခန်းငှားခတွေ ဈေးအဆမတန် မြင့်တက်လာတာကြောင့် အခြေခံ လူလတ်တန်းစားတွေ အခက်ကြုံနေကြရကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဓာတ်ပုံ – မန်တုံမြို့နယ် ပန်းယောင်ကျေးရွာတွင်း မြင်ကွင်း (SPM)

မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းဟာ စစ်ပဋိပက္ခ၊ တရားမဝင် စီးပွားရေးလုပ်ငန်း၊ ပတ်ဝန်းကျင် ပျက်စီးမှုနဲ့ ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုထောက်ပံ့ရေးကွင်းဆက်အပေါ် ကြီးမားတဲ့ အန္တရာယ်သက်ရောက်လာနိုင်ကြောင်း “Rare Earth Mining in Myanmar Expands to TNLA-Held Territory” အမည်နဲ့ အမေရိကန်အခြေစိုက် Stimson Center ရဲ့ ဇူလိုင် ၂၀ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

အစီရင်ခံစာအရ တအာင်းတပ်ဟာ ၂၀၂၄ ခုနှစ်အတွင်း မြေရှားသတ္တု တူးဖော်မှုကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ် ရေးဆွဲဖို့အတွက်ဆိုပြီး ယာယီ ပိတ်ပင်ခဲ့ပေမဲ့ လက်ရှိမှာ အဲဒီတားမြစ်ချက်ကို တရားဝင်ရုပ်သိမ်းကြောင်း မကြေညာဘဲ မြေပြင်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖို့ ခွင့်ပြုထားကြောင်း ဆိုပါတယ်။

မြန်မာနိုင်ငံရှိ မြေရှားသတ္တုတွင်းရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးဟာ ကချင်ပြည်နယ်မှာ တည်ရှိနေပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း သတ္တုတွင်းအသစ် အများစု ထပ်မံ ပေါ်ပေါက်လာခဲ့တဲ့အပြင် ရှမ်းအရှေ့နဲ့ ရှမ်းမြောက်မှာပါ လုပ်ကွက်တွေ ထပ်တိုးလာကြောင်း ရေးသားထားပါတယ်။

မြေရှားသတ္တု တူးဖော်မှုကြောင့် ရေထုနဲ့မြေဆီလွှာ အက်စစ်ဓာတ် မြင့်တက်လာခြင်း၊ ဓာတုညစ်ညမ်းမှုတွေ ဖြစ်ပေါ်ခြင်း၊ သောက်သုံးရေ အရည်အသွေး ကျဆင်းခြင်း၊ ဒေသခံတွေ အရေပြားရောဂါ ဖြစ်ပွားခြင်း၊ စိုက်ပျိုးမြေ ပျက်စီးခြင်းနဲ့ ငါး သယံဇာတ လျော့နည်းလာခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း Stimson Center က သတိပေးထားပါတယ်။

သြဂုတ် ၁၁ ရက်က တအာင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့- TEWG ရဲ့ ထုတ်ပြန်ချက်အရ နမ့်ခမ်းမြို့နယ်ထဲမှာလည်း မြေရှားသတ္တု တူးဖော်ဖို့အတွက် စမ်းသပ်မှု လုပ်ဆောင်လာကြတာကို မေလကစပြီး သတိထားလာမိတယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ် မန်စပ်နဲ့ မန်ပန်ရွာမှာ မြေရှားသတ္တု တူးဖော်ဖို့ စမ်းသပ်သူတွေဟာ ဒေသတွင်းမှာ တွေ့မြင်နေကြ မဟုတ်တဲ့ တရုတ်စကား ပြောဆိုကြသူ ၁၄ ဦးဖြစ်ပြီး ဒေသခံကို ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ လက်ဖက်ခြံတွေထဲ ဝင်ရောက်ကာ သံချောင်းပိုက်နဲ့ ကျင်းတွေကို တူးဖော်ခဲ့ကြပါတယ်။

သံချောင်းပိုက်တွေနဲ့ တစ်ခြံပြီးတစ်ခြံ တစ်တောင်ပြီးတစ်တောင် ခွင့်ပြုချက် မယူဘဲ ဝင်ရောက်ပြီးတော့ ပလတ်စတစ်အိတ် အသေးထဲ တူးဖော်ခဲ့တဲ့ မြေကြီးတွေကို ထည့်ပြီး စံကားနဲ့ ပန်းဆေးရွာဘက် သယ်ပြန်သွားကြတယ်လို့ TEWG က ဆိုပါတယ်။

မန်စပ်နဲ့မန်ပန်ရွာဟာ တအာင်းတပ် ထိန်းချုပ်ဒေသဖြစ်ပြီး စံကားနဲ့ပန်းဆေးရွာဟာ ကိုးကန့်တပ် ထိန်းချုပ်ထားတာပဲ ဖြစ်ပါတယ်။ ၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း စံကားနဲ့ပန်းဆေးဒေသကို တအာင်းတပ်က တိုက်ခိုက်ထိန်းချုပ်ခဲ့ပေမဲ့ ကိုးကန့်တပ်က ၂ဝ၂၆ မတ်လမှာ ပြန်လည် တိုက်ခိုက်ခဲ့ပြီးနောက် တအာင်းတပ်က စံကားနဲ့ပန်းဆေးဒေသကို လက်လွှတ်ခဲ့ရပါတယ်။

နမ့်ခမ်းမြို့နယ်ဟာ မန်တုံမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ဒေသ ဖြစ်တာကြောင့် မြေရှားသတ္တု လုပ်ကွက်အသစ် စမ်းသပ်တူးဖော်မှု အောင်မြင်ရင် ဒေသတွင်းရှိ လူထုတွေအတွက် ဆိုးကျိုးကို ထပ်မံ ခံစားစေရမှာ ဖြစ်ပါတယ်။

ဒေသတွင်း ထိန်းချုပ်ထားတဲ့အဖွဲ့အစည်းနဲ့ ကျေးရွာတာဝန်ရှိသူတွေအနေနဲ့ ဒေသခံလူထုရဲ့ သဘောတူညီချက် မပါဘဲ လျှို့ဝှက်ဝင်ရောက်လာကာ သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ မြေရှားသတ္တု စမ်းသပ်တူးဖော်မှုကို တားဆီးအရေးယူပေးဖို့ TEWG က တိုက်တွန်းထားပါတယ်။

ဒါကြောင့် တအာင်းဒေသက သဘာဝ အလှတရားနဲ့ ဒေသခံတွေကို လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ပေးပြီး လူထုကို အန္တရာယ်မပြုတဲ့ လုပ်ငန်းတွေကိုသာ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးကြဖို့နဲ့ ဒေသခံတွေအတွက် အကျိုးရှိတဲ့ လုပ်ငန်းတွေကိုသာ လုပ်ကိုင်ဆောင်ရွက်ပေးကြဖို့ မန်တုံဒေသခံအများစုက သက်ဆိုင်ရာကို ပြောကြားလိုကြတဲ့ဆန္ဒ အများစုဆီမှာ ရှိနေပါတယ်။

ရှမ်းမြောက်ဒေသက သဘာဝပတ်ဝန်းကျင် ပျက်စီးပြုန်းတီးမှုဟာ ဒေသခံအမျိုးသမီးတွေရဲ့ ပတ်ဝန်းကျင်ကိုသာမက လူမှုစီးပွားစနစ်တစ်ခုလုံးကိုပါ လှုပ်ခါစေခဲ့ပြီး အဆိုးရွားဆုံး ရိုက်ခတ်မှုကို အမျိုးသမီးနဲ့ ကလေးငယ်တွေ ခံစားစေမှာ ဖြစ်ပါတယ်။

သယံဇာတ လောဘဇောကြောင့် ရေထုနဲ့မြေထု ညစ်ညမ်းလာခြင်းတွေက စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို လုံးပါး ပါးစေကာ ဒေသခံ အိမ်ထောင်စုတွေကို စီးပွားရေး အကျပ်အတည်း အနက်ရှိုင်းဆုံးကို တွန်းပို့လိုက်တာပါ။

ဒီအကျပ်အတည်းရဲ့ ရလဒ်အဖြစ် လူမှုလုံခြုံရေးကွန်ရက် ပြိုလဲသွားတဲ့အခါ ဒေသတွင်းက အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ အသက်မွေးဝမ်းကျောင်း ပြုနိုင်ရေးအတွက် အခွင့်အရေးယူ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ စိစစ်မှုမဲ့ အကြမ်းဖက်တွေရဲ့ပစ်မှတ် ဖြစ်လာရပါတယ်။

ဒါကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုဟာ ရာသီဥတုသာမကဘဲ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်၊ လွတ်လပ်ခွင့်နဲ့ လူ့ဂုဏ်သိက္ခာကိုပါ တိုက်ရိုက် ထိခိုက်နစ်နာစေတဲ့ လိင်ကိစ္စ အမြတ်ထုတ်မှု စက်ဝိုင်းဆိုးရဲ့ မောင်းနှင်အား ဖြစ်နေတယ်ဆိုတာ မီးမောင်းထိုး ပြသနေပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အမွဲသိမ်းမယ့် ကျွဲဂိမ်း

အလွှာပေါင်းစုံသော လူထုအတော်များများသည် စလော့ဂိမ်းများဖြင့် ပတ်သက်ဆက်စပ် ရင်းနှီးနေကြသည်။

အသက်နဲ့ခန္ဓာ ဝမ်းတစ်ထွာ

အသက်နဲ့ ခန္ဓာကိုယ် ရင်းပြီး ဝင်ငွေရကြဖို့ အလုပ်လုပ်ကိုင်ကြတဲ့ အမျိုးသမီးငယ်တွေကို နယ်စပ်မြို့ဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြိုနဲ့ ဝပြည်နယ် မိုင်းပေါက်၊ ပန်ဆိုင်းနဲ့ မိုင်းလား စတဲ့မြိုနယ်‌တွေမှာ အများစု တွေ့နေရပါတယ်။

ကျောက်မဲမြို့အနီး ရောက်လာတဲ့ အပြင်းအထန်ဆုံး တိုက်ပွဲ

တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ စက်တင်ဘာ ၂၉ ရက်အထိ ကျောက်မဲမြို့နဲ့ အနီးဆုံးရှိတဲ့ ခိုမုန်းကျေးရွာအနီးအထိ ရောက်ရှိလာပြီလို့ သိရပါတယ်။

ကျောက်မဲထိုးစစ်မှာ အသက်(၁၆)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်၊ သားအမိ ၃ ဦးလုံး ပစ်သတ်ခဲ့တဲ့ စစ်ကောင်စီတပ်

ကျောက်မဲမြို့နယ် နားအိုက်ခန့်ရွာအနီးရှိ လယ်ယာမှာရှိတဲ့ တဲအိမ်ထဲမှာ ပစ်သတ်ခံရပြီး သေဆုံးနေတဲ့ အသက် ၁၆ နှစ်အရွယ်ရှိ မနန်းလို့ အမည်လွှဲထားတဲ့ အမျိုးသမီးငယ်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်ဗလာနဲ့ ဖြစ်နေပါတယ်။