အလင်း၊ သြဂုတ် ၁၅ ရက်၊ ဟားခါး
ချင်းပြည်နယ်မြောက်ပိုင်းဘက်က မြို့နယ်တွေကို စစ်ကောင်စီက အထူးရဲကွန်မန်ဒိုအင်အား ၁ ထောင်ကျော် ပို့ဆောင်ထားတယ်လို့ ချင်းစစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေကို ကလေးမြို့ကနေတဆင့် ၁၂ ဘီးကားတွေနဲ့ ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်က ချင်းပြည်မြောက်ပိုင်းဘက် ပို့ဆောင်ထားတာပဲ ဖြစ်ပါတယ်။
“မိတ္ထီလာမြို့က လေကြောင်းကနေ ကလေးမြို့ကို ပို့တယ်။ ကလေးမြို့ကနေတဆင့် ချင်းပြည်မြောက်ပိုင်းကို ၁၂ ဘီးကားတွေ ဖြန့်ခွဲပို့ဆောင်ထားတာ ဖြစ်ပါတယ်” လို့ ချင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီတပ်ဖွဲ့ဝင်တွေကို ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ ဟားခါး၊ တီးတိန်၊ ဖလမ်း၊ တွန်းဇံ စတဲ့မြို့တွေဘက် ယာဉ်တန်းတွေနဲ့ ပို့ဆောင်ထားတာပါ။
“သြဂုတ်လ ၁၃ ရက်နေ့က ၁၂ ဘီးကားတွေနဲ့ တွန်းဇံမှာ အင်အား ၃၀၀၊ ဟားခါးမှာ ၂၀၀၊ တီးတိန်ဘက် ၄၀၀ ကျော် ရောက်လာပါတယ်။ ကျန်တာက ဖလမ်းဘက် ခုနှစ်စီး တက်သွားတယ်” လို့ ချင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီဟာ ရက် ၁၀၀ စီမံချက်ကာလအတွင်း ချင်းပြည်နယ်မြောက်ပိုင်းရှိ ၎င်းတို့ လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ နယ်မြေအားလုံးနီးပါး ပြန်လည်သိမ်းပိုက်ရရှိထားပါတယ်။
လက်ရှိ ပို့ဆောင်လိုက်တဲ့ အထူးရဲကွန်မန်ဒိုတွေဟာ ၎င်းတို့ ထိန်းချုပ်နယ်မြေမှာ မြို့ပြလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးအတွက် အဓိက ရည်ရွယ်ပြီး ဖြန့်ခွဲချထားတာ ဖြစ်နိုင်တယ်လို့ စစ်ရေး စောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။
လက်ရှိ ချင်းပြည်နယ်မြောက်ပိုင်း စစ်ရေးအခြေအနေဟာ ငြိမ်သက်ပေမဲ့ စစ်တပ်က စစ်ရေး ပြင်ဆင်တာ၊ အင်အား ဖြည့်တင်းတာတွေ ပြုလုပ်နေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။