ယာရူစိင်၊ ဩဂုတ် ၁၅ ရက်၊ ပန်ဆန်း
“ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က ဒေသတွင်း ဘာသာရေးအစွန်းရောက် ဟောပြောသူတွေ စိမ့်ဝင်တာကြောင့် “ဝ”ဒေသက ဘုရားကျောင်းတချို့ ယာယီ ပိတ်ထားရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ခရစ်ယာန်နာမည်ခံနဲ့ လာတဲ့အဖွဲ့ရှိတယ်။ အဲအဖွဲ့က မှားတဲ့အယူဝါဒတွေ စည်းရုံးပြီး ဆွဲဆောင်တာပေါ့။ အဲကြောင့် ဘုရားကျောင်းတွေ ပိတ်ပြီး စုံစမ်းနေကြတာ။ ဘုရားကျောင်း ပိတ်တာက ၁ ပတ်ကျော်နေပြီ။ မပိတ်တဲ့မြို့က ဟိုပန်၊ နမ့်တစ်နဲ့ ပန်လုံဘက်ခြမ်းတော့ မပိတ်ဘူး” လို့ ဒေသခံ အမျိုးသမီးက ပြောပါတယ်။
UWSA ဌာနချုပ် ပန်ဆန်းအပါအဝင် ၀တပ် ထိန်းချုပ်ထားတဲ့ နားဝီး၊ မိုင်းပေါက် ၁၇၁ စစ်ဒေသ စတဲ့ဒေသတွေက ခရစ်ယာန်ဘုရားကျောင်းအားလုံးနီးပါးကို UWSA က ယာယီ ပိတ်သိမ်းလိုက်တာလို့ Wa News Land မှာ ဖော်ပြထားပါတယ်။
တစ်ဖက်နိုင်ငံရဲ့ အသိပေးလာမှုနဲ့ “ဝ”ပြည်မှာ အစွန်းရောက်တဲ့ ဘာသာရေး စည်းရုံးလှုံ့ဆော်သူတချို့ စိမ့်ဝင်နေကြောင်း ဖျားနာရင် ဆေးသောက် အလုပ် လုပ်စရာမလို ဘုရားက ကောင်းစေမယ်ဆိုပြီး မှားယွင်းတဲ့ သွန်သင်မှုမျိုး ရှိနေတယ်လို့ UWSA ရဲ့ လားရှိုးမြို့ရှိ ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကလည်း အစွန်းရောက် ဘာသာရေးစည်းရုံးမှု အခြေအနေ ဖြစ်ပေါ်နေတာကို သူ့ရဲ့ Facebook လူမှုကွန်ရက်ပေါ် ရှင်းလင်းပြောဆိုထားပါတယ်။
ဒါ့အပြင် “ဝ”ဒေသမှာ ပြင်ပက တရားမဝင် ဝင်ရောက်ပြီး ဟောပြောစည်းရုံးတာ ခွင့်မပြုထားဘူးလို့လည်း အသိပေးထားပါတယ်။
ဘုရားကျောင်းတချို့ ယာယီ ပိတ်ထားတာနဲ့ပတ်သက်ပြီး အစွန်းရောက်တဲ့ ဘာသာရေးနဲ့ ကင်းရှင်းမှု ရှိမယ်ဆိုရင် ပြန်လည်ဖွင့်ခွင့် ပေးမယ်လို့ ဦးညီရန်းက ပြောဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။