ရွှေဖီမြေ၊ သြဂုတ် ၄ ရက်
စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီနဲ့ “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးနေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲကို မနေ့ သြဂုတ် ၃ ရက်မှာ စတင်ကျင်းပခဲ့ပြီး စစ်ကောင်စီရဲ့ ဒုဗိုလ်ချုပ်ကြီး အေးဝင်း (ငြိမ်း) က UWSA ရဲ့ နိုင်ငံရေးလိုလားချက်တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ UWSA ရဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက စစ်ကောင်စီရဲ့ အစိုးရကို ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေကို ဆွေးနွေးခဲ့ပြီး UWSA ထိန်းချုပ်ဒေသအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲကို မနေ့ သြဂုတ် ၃ ရက်နဲ့ ဒီနေ့ သြဂုတ် ၄ ရက်အထိ ဆက်လက်ကျင်းပသွားမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

UWSA ဘက်ကတော့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်းနဲ့ လားရှိုးပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းတို့ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်မှာလည်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့မှာ နှစ်ဖက်တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံမှုဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူး ရယူပြီးနောက် ဒုတိယအကြိမ် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ – FPNCC ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ UWSA၊ မိုင်းလားတပ် – NDAA၊ တအာင်းတပ် – TNLA၊ ရှမ်းတပ် – SSPP တို့ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံထားပြီး ကိုးကန့်တပ် – MNDAA လည်း နေပြည်တော်ကို ရောက်လာဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်တပ်မတော် – KIA နဲ့ အာရက္ခတပ်တော် – AA တို့ကတော့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။