By မိုင်းရူပ၊ ရွှေဖီမြေ
စစ်ခေါင်းဆောင်ကနေ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ မကြာခဏ ဖိတ်ခေါ်လာနေပါတယ်။
ရက် ၁၀၀ စီမံကိန်းအဖြစ် ကြိုတင်ကန့်သတ်ချက်မထားဘဲ ဆွေးနွေးနိုင်တယ်လို့ ပြောဆိုထားပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ “ဒီနေ့ ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့လာခဲ့” ဆိုပြီး စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။
ဒါ့အပြင် တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ငြိမ်းချမ်းရေးမလိုချင်တာကြောင့် အချိန်ဆွဲနေတယ်လို့ မင်းအောင်လှိုင်က စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန်မှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်နေတယ်လို့ တော်လှန်ရေးအဖွဲ့တွေဘက်က ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုတော့ လက်နက်ချ အလင်းဝင်ဖို့သာ စစ်ခေါင်းဆောင်က ပြောနေပါတယ်။
အထူးသဖြင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုကော်မတီ- FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်- KIA နဲ့ အာရက္ခတပ်တော်- AA တို့နဲ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာ တွေ့ရပါတယ်။
ဒါ့ကြောင့် စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို FPNCC အဖွဲ့ဝင်တွေထဲက ဘယ်နှစ်ဖွဲ့က စစ်တပ်ရဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆီ ရောက်လာမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။
FPNCC ကို “ဝ” တပ်ဖွဲ့- UWSA က ဦးဆောင်ပြီး KIA၊ AA၊ SSPP၊ MNDAA၊ TNLA နဲ့ NDAA တို့ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
FPNCC အဖွဲ့ဝင်တချို့နဲ့ စစ်ကောင်စီကြား ဆွေးနွေးမှုတွေ ရှိလာ
ဇွန်လ ၁၂ ရက်နေ့မှာ FPNCC အဖွဲ့ဝင်ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ကို စစ်ကောင်စီက နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ နှစ်ဖက်တပ်တွေကြား တိုက်ပွဲမဖြစ်အောင် ဆွေးနွေးညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းသွားဖို့ သဘောတူခဲ့တယ်လို့ နှစ်ဖက်ဘက်က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်မှာ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရာပြည့်က ဝတပ်ဖွဲ့- UWSA နဲ့ မိုင်းလားတပ်- NDAA ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံမှုမှာလည်း အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါပေမယ့် ဒီအဖွဲ့တွေဟာ စစ်ကောင်စီနဲ့ အပစ်ရပ်ထားတဲ့အဖွဲ့တွေဖြစ်ပြီး ဒီဆွေးနွေးမှုဟာ ထူးခြားမှုတစ်စုံတစ်ရာရှိတာ မတွေ့ရသေးပါဘူး။
တရုတ်ဖိအားကို ရင်ဆိုင်နေရတဲ့ ကိုးကန့်နဲ့ တအာင်းတပ် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်လား
၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်ခဲ့တဲ့ တအာင်းတပ်- TNLA နဲ့ ကိုးကန့်တပ်- MNDAA တို့ကတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုအရ စစ်ကောင်စီနဲ့ ယာယီအပစ်ရပ်ထားပါတယ်။
PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကတော့ လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ တရားဝင်ဆက်သွယ်လာတာ မရှိသေးဘူးလို့ ရွှေဖီမြေကို ပြောပါတယ်။
“ရက် ၁၀၀ စီမံကိန်းဆိုပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်လာတာ မရှိသေးဘူး။ ဗဟိုကလည်း ညွှန်ကြားထားတာ မရှိသေးဘူး”
ဒါပေမယ့် စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အပေါ် TNLA ရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတဲ့ မေးခွန်းကိုတော့ လွေးယေဦး ဖြေကြားထားခြင်း မရှိပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ တရုတ်ရဲ့ ဖိအားကို ရင်ဆိုင်နေရတဲ့ TNLA နဲ့ MNDAA ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို လက်ခံလာနိုင်ပြီး အပေးအယူတွေလုပ်လာနိုင်တယ်လို့ ပြောပါတယ်။
“TNLA နဲ့ MNDAA ကတော့ မင်းအောင်လှိုင်ရဲ့ ကမ်းလှမ်းမှုကို ခံရမှာဖြစ်တယ်။ မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ အလားအလာလည်း များတယ်” လို့ ဆိုပါတယ်။
TNLA ဟာ ရှမ်းမြောက် နမ့်ဆန်၊ နမ္မတူ၊ မိုင်းလု၊ မိုင်းငေါ့၊ မန်တုံနဲ့ နမ့်ခမ်းမြို့တွေကို ထိန်းချုပ်ထားပြီး ကိုးကန့်တပ်က ကွတ်ခိုင်၊ သိန္နီ၊ ပန်ဆိုင်း၊ တာမိုးညဲ၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်နဲ့ ကုန်ကြမ်းမြို့တွေကို ထိန်းချုပ်ထားပါတယ်။
ဒါပေမယ့် စစ်တပ်ရဲ့ အစိုးရသစ်က ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေ လုပ်နေပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သာ ဆွေးနွေးမယ်လို့ ပြောဆိုထားတာကြောင့် ဆွေးနွေးမှုမှာ တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် ခက်ခဲမှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံထက်ကျော်လွန်ပြီး နယ်မြေထိန်းချုပ်မှုတွေ ရှိလာတဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ဟာ စစ်ကောင်စီနဲ့ ဘယ်လိုအပေးအယူလုပ်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ AA ကတော့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ရှိနေချိန်မှာ ငြိမ်းချမ်းရေးဖိတ်ခေါ်တာကို ကျည်ဆံနဲ့သာ တုံ့ပြန်ဖို့ရှိတယ်လို့ ရခိုင်ဒေသတွင်း မီဒီယာတစ်ခုမှာ AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခက ဖြေကြားထားပါတယ်။
“တို့အကြမ်းဖက်စစ်တပ်က ဗုံးကြဲပြီးတော့ ငြိမ်းချမ်းရေးခေါ်လို့ရှိရင် ကျနော်ဖက်ကလည်း တုံ့ပြန်စရာဆိုလို့ ကျည်ဆန်ပဲရှိတယ်ဗျ”
အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်က မြို့ပေါင်း ၁၄ ခုကို ထိန်းချုပ်ထားပြီး ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
KIA ဘက်ကတော့ စစ်ကောင်စီရဲ့ လက်ရှိငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ် တိတိကျကျ တုံ့ပြန်ထားတာ မရှိသေးပါဘူး။
“KIA နဲ့ AA ကတော့ အခုတိုက်ပွဲတွေ ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ ဆွေးနွေးပွဲက ခပ်မြန်မြန်တော့ ဖြစ်လာမှာ မဟုတ်ဘူး” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။
တကယ်လို့ FPNCC အဖွဲ့ဝင်အချို့က စစ်ကောင်စီနဲ့ အပစ်ရပ်မှုတွေ ပိုမိုလုပ်ဆောင်လာခဲ့မယ်ဆိုရင် နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးမယ်၊ အပစ်ရပ်လာမယ်ဆိုရင် နွေဦးတော်လှန်ရေးအင်အားစုတွေက ရုန်းကန်ရမယ့် အလားအလာရှိတယ်” အထက်ပါနိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။
နိုင်ငံရေးအခြေအနေတွေနဲ့ စစ်ရေးအခြေအနေတွေ မတူညီတာကြောင့် FPNCC အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း စစ်ကောင်စီနဲ့ ဆွေးနွေးလာဖို့က လွယ်ကူတဲ့အခြေအနေ မဟုတ်သေးပါဘူး။
နွေဦးတော်လှန်ရေးအတွင်း စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေ ပြောင်းလဲလာမှုအပေါ် မူတည်ပြီး FPNCC အဖွဲ့ဝင်တစ်ဖွဲ့ချင်းစီရဲ့ ရပ်တည်ချက်တွေ ပြောင်းလဲလာနိုင်တာကြောင့် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းမှုဟာ လာမယ့်ကာလအတွင်း စောင့်ကြည့်ရမှာဖြစ်ကြောင်းပါ။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။