By သူရ၊ ရွှေဖီမြေ
တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာ ယမ်းဂိုဒေါင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၀ ကျော်နဲ့ ဒဏ်ရာရသူ ၁၅၀ ကျော် ထိခိုက်သေဆုံးခဲ့တဲ့ဖြစ်စဉ်ဟာ ဒီနေ့ ဇွန်လ ၃၀ ရက်မှာ တစ်လပြည့်ခဲ့ပါပြီ။
ယမ်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို တအာင်းတပ်ဘက်က ဆေးကုသပေးထားပြီး ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်ထူထောင်ရေး လုပ်ဆောင်ပေးနေတယ်လို့ TNLA ဘက်က ပြောဆိုထားပါတယ်။
ယမ်းပေါက်ကွဲမှုဖြစ်စဉ်အတွက် တာဝန်ရှိသူတွေကို စစ်ဆေးနေတယ်လို့ TNLA က ပြောဆိုထားပြီး ဒေသခံတွေကတော့ အရေးယူမှုအခြေအနေကို ပွင့်လင်းစွာ ချပြပေးဖို့ လိုလားနေကြပါတယ်။
ယမ်းပေါက်ကွဲမှုမှာ တာဝန်ရှိသူတွေကို TNLA အရေးယူထားပြီး တာဝန်ကနေ ရပ်ဆိုင်းထား
ကောင်းတပ်ကျေးရွာ ယမ်းပေါက်ကွဲမှုမှာ TNLA ရဲ့ စီးပွားရေးဌာနက သိုလှောင်ထားတဲ့ ယမ်းအပျော့စား ပေါက်ကွဲမှုကြောင့်လို့ တအာင်းတပ်က ဝန်ခံထားပါတယ်။
ယမ်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တာဝန်ရှိသူတွေကို TNLA က ခေါ်ယူစစ်ဆေးထားပြီး တာဝန်တွေကနေ ရပ်ဆိုင်းထားတယ်လို့ တအာင်းတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကောင်းတပ် ယမ်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ကျမတို့ စတင်စစ်ဆေးနေပြီ။ တာဝန်တွေ ရပ်ဆိုင်းတာမျိုးရှိတယ်”
ဒါ့အပြင် ယမ်းပေါက်ကွဲမှုမှာ ဆက်စပ်သူတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး စုံစမ်းမှုပြီးရင် လူထုတွေ သိရှိအောင် ထုတ်ပြန်သွားမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကောင်းတပ်ရွာခံ အမျိုးသမီးတစ်ဦးကတော့ ယမ်းပေါက်ကွဲမှုမှာ တာဝန်ရှိသူတွေကို TNLA က ဘယ်လိုအရေးယူမှု ဆောင်ရွက်နေလဲဆိုတာ ပွင့်ပွင့်လင်းလင်း ချပြဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
“ကြားရတာတော့ TNLA က တာဝန်ရှိသူ ၅ ဦးလောက်ကို ခေါ်ယူထားပြီ။ ဒီအပေါ်မှာ ပွင့်လင်းမြင်သာမှု ရှိဖို့နဲ့ မျှတတဲ့ တရားစီရင်ရေးကို အမြန်ဆုံး ဖော်ဆောင်ပေးစေချင်တယ်”
ပြန်လည်ထူထောင်ရေးအခြေအနေ
ယမ်းပေါက်ကွဲမှုမှာ လုံးဝ ပျက်စီးသွားတဲ့ နေအိမ် ၃၃၀ လုံးအပါအဝင် နေအိမ်ပေါင်း ၆၈၀ ကျော် ပျက်စီးခဲ့တယ်လို့ TNLA ရဲ့ စာရင်းအရ သိရပါတယ်။
ယမ်းပေါက်ကွဲမှုမှာ လူထု ၁ ထောင်ကျော် အိုးအိမ်မဲ့ခဲ့ရပြီး ၎င်းတို့ ယာယီ နေထိုင်ဖို့အတွက် စီစဉ်ပေးထားတယ်လို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ကောင်းတပ်ရွာ ယမ်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် လူထုတွေကို သွားရောက်တောင်းပန်ထားပြီး သေဆုံးသူတွေကို တစ်ဦး သိန်းတစ်ရာ ထောက်ပံ့ပေးခဲ့ပါတယ်။
ဒါ့အပြင် ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းထားပြီး လူထုတွေ လှူဒါန်းထားတဲ့ငွေအပါအဝင် TNLA ရဲ့ မဟာမိတ်အဖွဲ့တွေ လာရောက်လှူဒါန်းထားတဲ့ ငွေတွေကို ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် သုံးစွဲနေတာကို တွေ့ရပါတယ်။
ပျက်စီးသွားတဲ့ နေအိမ်တွေပေါ် မူတည်ပြီး A၊ B၊ C အဆင့်ခွဲကာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်နေတယ်လို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကော်မတီအဖွဲ့က ကွင်းဆင်းပြီးတော့ သူတို့အိမ်က ဘယ်လောက်တန်လဲ။ အနီးစပ်ဆုံး ကြည့်ပြီးတော့ ထောက်ပံ့တာ။ တချို့ဆို သိန်း ၁,၂၀၀၊ သိန်း ၁ ထောင်၊ သိန်း ၈၀၀ အဲလိုတွေ ကူညီပေးတာ”
ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်ဆောက်လုပ်ပေးတာ မလုပ်တော့ဘဲ ကူညီငွေတွေကိုသာ ပေးဆောင်တာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကူညီမှု ပြီးဆုံးသွားရင် လူထုတွေကို ချပြသွားဖို့ ရှိတယ်လို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီအဖွဲ့ဆီက သိရပါတယ်။
ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ ဇွန်လ ၁၇ ရက်အထိ စာရင်းအရ အလှူငွေ ကျပ်သိန်းပေါင်း ၂ သောင်း ၂ ထောင်အပြင် တရုတ်ယွမ် ၂၂၈,၀၀၀ (ကျပ်သိန်း ၁,၅၀၀ ဝန်းကျင်)လည်း ရရှိခဲ့ပါတယ်။
လက်ရှိမှာ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်တာတွေ ရှိနေပြီး အများစုကတော့ ပြန်လည်မတည်ဆောက်နိုင်သေးပါဘူး။
“အခုက ဖြစ်သွားပြီဆိုတော့ ဘာမှမတတ်နိုင်တော့ဘူးလေ။ ကျနော် တောင်းဆိုချင်တာက ဒီပေါက်ကွဲမှုကြောင့် တစ်ရွာလုံးလည်း ပျက်စီးပြီးပြီ။ ဒီဖြစ်စဉ်အပေါ် တရားခံတွေကို ဘယ်လိုအရေးယူနေတာလဲဆိုတာပဲ ချပြစေချင်တယ်” လို့ နောက်ထပ် ကောင်းတပ်ရွာခံ အမျိုးသားတစ်ဦးက တောင်းဆိုထားပါတယ်။
TNLA ရရှိထားတဲ့ စာရင်းအရ ကောင်းတပ်ရွာ ယမ်းပေါက်ကွဲမှုမှာ ၄၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၁၅၄ ဦးအထိ ရှိခဲ့ပါတယ်။
ယမ်းဂိုဒေါင်ကို TNLA ဘက်က ရွာအနီးမှာ ထားရှိတဲ့အပေါ် လူထုအပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်ကြပြီး နောက်နောင် ဒီလိုဖြစ်စဉ်တွေ မဖြစ်ပွားအောင် သတိထားဆောင်ရွက်ကြဖို့ တိုက်တွန်းထားကြပါတယ်။
ကောင်းတပ်ရွာ ယမ်းပေါက်ကွဲမှု ဖြစ်ပွားပြီး တစ်လကြာလာချိန်မှာ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်နေပေမဲ့ ဖြစ်စဉ်အတွက် တာဝန်ရှိသူအပေါ် အရေးယူမှု အခြေအနေကတော့ ဒေသခံတွေ ဆက်လက်စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။