ရွှေဖီမြေ၊ ဇွန်လ ၁၁ ရက်
“ဝ” တပ်မတော် – UWSA ထိန်းချုပ်ဒေသထဲမှာ ဖမ်းဆီးရမိတဲ့ ကျားဖျန့် (အွန်လိုင်းငွေလိမ်လည်မှု) လုပ်ကိုင်သူ ၇၈ ဦးကို တရုတ်ထံ ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ “ဝ” ပြည်တရားစီရင်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ထုတ်ပြန်ချက်ကို ဒီနေ့ ဇွန်လ ၁၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီတရားခံ ၇၈ ဦးဟာ အွန်လိုင်းလိမ်လည်မှုသံသယရှိသူနဲ့ အဓမ္မခိုင်းစေခံရသူဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ အဆိုပါ သံသယရှိသူ တရားခံ ၇၈ ဦးနဲ့ ၎င်းတို့အသုံးပြုတဲ့ စက်ပစ္စည်းကိရိယာတွေနဲ့အတူ မုန်းအာနယ်စပ်ဂိတ်ကနေတစ်ဆင့် တရုတ်ထံကို လွဲပြောင်းပေးတာလို့ ဆိုပါတယ်။
ရှေ့ဆက်ပြီးတော့လည်း “ဝ”တပ်က တရုတ်နဲ့ နှစ်နိုင်ငံရဲ့ ရဲတပ်ဖွဲ့ဆိုင်ရာလုပ်ငန်းတွေကို လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီး ကျားဖျန့်လုပ်ငန်းနဲ့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေကို တားဆီးနှိမ်နှင်းသွားမယ်လို့ ပြောကြားထားပါတယ်။
“ဝ”တပ်ဟာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်ကလည်း ကျားဖြန်လုပ်ကိုင်ဖို့ တရားမဝင် ဝင်ရောက်လာကြတဲ့ တရုတ်နိုင်ငံသား ၄၉ ဦး ကို ဖမ်းဆီးပြီး တရုတ်ထံ လွှဲပြောင်းပေးတာလည်း ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။