ရဲမာန်၊ မတ်လ ၅ ရက်၊ မယ်စဲ့
ကရင်နီပြည် မယ်စဲ့မြို့နယ်အတွင်း သုံ့ပန်းတွေ ထိန်းသိမ်းထားတဲ့နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ၈ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ကရင်နီကြားကာလအစိုးရ- IEC ရဲ့ အထွေထွေအတွင်းရေးမှူး(၂) ဗညားခွန်းအောင်က ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မတ်လ ၅ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရသူလည်း ရှိတယ်လို့ ၎င်းက ပြောပါတယ်။
“ဖားဆောင်းတိုက်ပွဲက ဖမ်းဆီးရမိတဲ့ သုံ့ပန်းမိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့ စင်တာကို ကြဲသွားတာပါ။ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦး သေဆုံးခဲ့ပါတယ်။ အမျိုးသမီး ၄ ဦးထဲမှာ ၈ နှစ်အရွယ်ကလေးတစ်ဦး ပါတယ်”
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က မယ်စဲ့မြို့ထဲက အကျဉ်းသား ၈၀ ကျော်ဟာ ထောင်ဖောက်ပြီး ထောင်စောင့် ၂ ဦးနဲ့အတူ ထွက်ပြေးသွားတဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။
အလားတူ ဇန်နဝါရီ ၂၀ ရက်က ရခိုင်ပြည်နယ် ချောင်းတူရွာအနီးက အကျဉ်းစခန်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၂၁ ယောက် သေဆုံးပြီး အယောက် ၃၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။