ပို့လဘား၊ မတ်လ ၇ ရက်၊ မောက်မယ်
ရှမ်းတောင် မောက်မယ်မြို့နယ် ဒုံပုံးကျေးရွာခံ ၃ ဦးကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဖမ်းဆီးသွားခဲ့တယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။
ဒုံပုံးကျေးရွာခံ ၃ ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်က တောထဲက တစ်နေရာမှာ ၎င်းတို့ လွှတ်ထားတဲ့ ကျွဲတွေကို သွားရှာရာကနေ PNO ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “သူတို့ ကျွဲလိုက်ရှာတဲ့အချိန်မှာ ပနားပန်ကျေးရွာအနီး ရောက်သွားတာပေါ့နော်။ အဲဘက်ကို ရောက်တဲ့အချိန်မှာ ပြည်သူ့စစ်နဲ့တွေ့တယ်။ ပြည်သူ့စစ်နဲ့တွေ့တော့ သူတို့ကို ဖမ်းဆီးပြီးတော့မှ ပစ်သတ်လိုက်တာပေါ့နော်။ ခွန်သိန်းပေရဲ့ သားကိုတော့ သူတို့မပစ်သတ်ဘူး။ ဒေသခံတွေနဲ့ ပိုက်ဆံ ပြန်ရွေးခိုင်းတာပေါ့နော်။ သူတို့ပစ်သတ်လိုက်တဲ့ ၂ ယောက်ရဲ့အလောင်းကိုလည်း အခုထိ ပြန်မပေးဘူး။ ကျွဲ၊ နွားတွေကိုလည်း သူတို့ပြန်မပေးဘူး။ အခုဖြစ်တဲ့နေရာကလည်း တိုက်ပွဲဖြစ်တဲ့နေရာလည်း မဟုတ်ဘူး။ PNO တစ်ဖွဲ့တည်းရှိတဲ့နေရာပဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံ ၃ ဦးထဲ အသက် ၂၀ နှစ်အရွယ် ခွန်အငယ်နဲ့ ၄၀ နှစ်အရွယ် ခွန်သိန်းပေဆိုသူ နှစ်ဦးကိုတော့ PNO က သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ ၁၃ နှစ်အရွယ် ခွန်ထွန်းဟန်ကတော့ ၂၈ သိန်းနဲ့ ပြန်ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။
မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို PNO အဖွဲ့က ထိုးစစ်ဆင်လာပြီးနောက်ပိုင်း ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတာနဲ့ သတ်ဖြတ်တာ မကြာခဏ ပြုလုပ်နေတယ်လို့ ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။