ဝတ်ရည်၊ ဖေဖော်ဝါရီ ၇ ရက်၊ ဖားကန့်
တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်အထိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်က ခေါက်ဆွဲဆိုင် ၁ ဆိုင်ပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီလက်နက်ကြီး ပေါက်ကွဲမှုကြောင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ဖားကန့်မြို့ ကလပ်ကုန်းက နေအိမ် ၁ လုံးပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲတွေကတော့ ငြိမ်နေတယ်ကို မရှိပါဘူးဗျ။ လက်ရှိမှာတော့ ဖားကန့်မြို့ခံအများစုကတော့ ရှောင်ကြတာ များပါတယ်။ တချို့ကျတော့လည်း ရှောင်ရမဲ့နေရာ သွားစရာ မရှိတော့ ဒီအတိုင်း နေနေကြတာပါဗျ။ တိုက်ပွဲကလည်း ပြင်းထန်နေတာ ၁၀ ရက်ကျော်နေပါပြီ” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်အထိ တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံ ထိခိုက်သေဆုံးမှုလည်း နေ့စဉ်ရက်ဆက် ရှိနေတယ်လို့ ဆိုပါတယ်။
ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း တိုးလာနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။