မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၁၇ ရက်၊ ကျောက်မဲ
ရှမ်းမြောက် ကျောက်မဲမြို့ ရပ်ကွက် ၇ မှာနေထိုင်တဲ့ တအာင်း (ပလောင်) လူမျိုးဖြစ်တဲ့ လွေးအီဌေးကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန် ၂ လကြာတဲ့အထိ ပြန်လွှတ်လာခြင်းမရှီသေးဘူးလို့ မိသားစုဝင်နဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“လက်ရှိအချိန်ထိ မထူးခြားသေးဘူးဗျ။ အစိုးရအသစ်တက်ရင်တော့ ကြည့်ရတာပေါ့။ ပြီးခဲ့တဲ့အပတ်ကတော့ သူ့အမေက ထောင်ဝင်စာနဲ့သွားတွေ့သေးတယ်။ စကားမပြောဖြစ်လို့ ဘယ်အချိန်သွားတွေ့လဲတော့ မသိဘူး။”
စစ်ကောင်စီတပ် ဖမ်းဆီးသွားခဲ့တဲ့ လွေးအိဌေးဟာ အသက် ၁၇ နှစ်အရွယ်ဝန်းကျင်သာရှိပြီး ကျောက်မဲမြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ မှတ်ပုံတင်သွားလုပ်တဲ့ အချိန် နိုဝင်ဘာလအတွင်းမှာ ဖမ်ဆီးခံခဲ့ရတာဖြစ်ပါတယ်။
စစ်ကောင်စီတပ် သူမကို ဖမ်းဆီးပြီးတဲ့နောက် စစ်ခုံရုံးမှာ ပို့ဆောင်စစ်ဆေးခဲ့ကာ သူ့အစ်ကိုက TNLA တပ်သားဟောင်းဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ သူမကို မန္တလေး အိုးဘိုထောင်သို့ ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သူမဟာ သီလရှင်ထွက်တာမကြာသေးသလို နိုင်ငံရေးသိကျွမ်းလှုပ်ရှားသူမဟုတ်တာာကြောင့် ပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုနေကြပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။