ရဲမာန်၊ မတ်လ ၂ ရက်၊ အောင်လံ
မကွေးတိုင်း အောင်လံမြို့နယ် ဒါးစမ်းကျေးရွာ(တဇန်း)ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ် ၂၇ လုံး မီးလောင်ပြာကျခဲ့တယ်လို့ အောင်လံလူထုရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၁ ရက်မှာ အောင်လံမြို့နယ် မှန်ပြတောင် ဘုရားတောင်ပေါ် တပ်စွဲထားတဲ့ စစ်တပ်က ပစ်ခတ်ခဲ့တာလို့ ၎င်းက ပြောပါတယ်။
“လက်နက်ကြီးတွေ အများကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။ တိုက်ပွဲ ဖြစ်ပွားတာမျိုးလည်း မရှိပါဘူး။ ကာကွယ်ရေးတပ်သားတွေ ရောက်ရှိနေတယ်လို့ ဒလန်သတင်းပေးမှားမှုကြောင့် ပစ်ခတ်တာပါ။ စစ်ကော်မရှင်က ဒီလထဲမှာ အခုလို ကျေးရွာတွေကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ရမ်းသမ်းပစ်ခတ်မှုတွေ ထပ်လုပ်လာနိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ သတိရှိစွာ နေထိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်”
လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် ၂၇ လုံး ပျက်စီးခဲ့တဲ့အပြင် ဘုန်းကြီးကျောင်း ဆွမ်းစားဆောင် ၁ ဆောင်လည်း ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၂ နာရီခန့်မှာ စစ်တပ်က တပ်ကုန်းရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။