သုတ၊ မတ်လ ၁၁ ရက်၊ လားရှိုး
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ဒေသဘက် ကုန်စည်တွေ မရောက်အောင် ရှမ်းမြောက် လားရှိုး-နမ္မတူလမ်းကို ကိုးကန့်တပ်က သယ်ယူခွင့် ပိတ်ထားတာကြောင့် ကုန်ကားအများစု ပိတ်မိနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
လားရှိုးမြို့အထွက် အီနိုင်းကျေးရွာမှာရှိတဲ့ ကိုးကန့်တပ်ဘက်က တအာင်းတပ် ထိန်းချုပ်ဒေသ နမ္မတူမြို့ဘက် ကုန်ပစ္စည်း သယ်ယူခွင့် လုံးဝ ပိတ်ပင်ထားပြီး အီနိုင်းရွာမှာ ကုန်ကား ၇၀ ဝန်းကျင် ပိတ်မိနေတယ်လို့ ဆိုပါတယ်။
“ကိုးကန့်စစ်သားတွေက ဗမာစကား မပေါက်တော့ ဘာမှမပြောဘူး။ တရုတ်လိုပဲပြောပြီး ပစ္စည်း နည်းနည်းပါးပါး ပါတာနဲ့ ပြန်လှည့်ဘဲ။ ပိတ်တဲ့ကားတွေက ဟိုအပေါ် သင်္ချိုင်းကုန်းနားအထိတောင် ရှိတယ်။ တချို့ကလည်း ဖြတ်မရတော့ ပြန်လှည့်သွားကြပြီ” လို့ လားရှိုး-နမ္မတူလမ်းပိုင်း သွားလာနေတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
သိန္နီမြို့အထွက်မှာတော့ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ဘက် မနေ့ မတ်လ ၁၀ ရက် မနက်ပိုင်းမှာ ကုန်စိမ်းတင်တဲ့ ကားတချို့ကို ဖြတ်သန်းခွင့်ပြုပြီး ပြန်ပိတ်ထားတယ်လို့ ကားသမားတွေက ပြောဆိုပါတယ်။
ကိုးကန့်တပ်ရဲ့ ကန့်သတ်ပိတ်ပင်မှုကြောင့် တအာင်းတပ် ထိန်းချုပ်ဒေသမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်တာနဲ့ ကုန်ပစ္စည်းဈေး မြှင့်တက်တာတွေ ကြုံနေရပြီး တအာင်းတပ်ဘက်က ကုန်လမ်းကြောင်းအသစ် ဖော်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ပြောဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းမှာ တအာင်းတပ် ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့ပေါ် MNDAA တပ်ဆင်ထားတဲ့ CCTV တွေကို လိုက်ဖြုတ်ရာကနေ နှစ်ဖက်တပ် ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပြီး ကိုးကန့်တပ်ဖွဲ့ဝင်တွေကို မြို့တွင်းကနေ တအာင်းတပ်က ဖယ်ရှားခဲ့ပါတယ်။
အဲဒီနောက် နှစ်ဖက်တပ် စစ်ရေးပဋိပက္ခ ပိုကျယ်ပြန့်လာပြီး ၁ လနီးပါး ကြာတဲ့အထိ ပြေလည်မှု မရသေးပါဘူး။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။