မိုင်းရူပ၊ ဇန်နဝါရီ ၂၅ ရက်၊ ကျောက်မဲ
ဒီနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ရွေးကောက်ပွဲအပိုင်း (၃) အဖြစ် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ကျင်းပတဲ့ ကျောက်မဲမြို့မှာ မဲလာပေးသူ(၅၀,၂၉၆) ဦး ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့နယ်မှာ စစ်ကောင်စီတပ်က မြို့ပေါ်ရှိ ရပ်ကွက် ၉ ခုအပြင် မြို့အနီးရှိ ကျေးရွာအုပ်စု ၅ ခုမှာလည်း ကျင်းပနိုင်ပြီး မဲရုံ ၂၅ ရုံ ဖွင့်လှစ်ကာ ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။
“မဲပေးတဲ့သူ နည်းတယ်။ မဲရုံမပိတ်ခင် ဒီနေ့လည်ပိုင်းမှာ မဲရုံမှာ တစ်ယောက်စ၊ နှစ်ယောက်စဘဲ မဲလာပေးကြတယ်” လို့ ကျောက်မဲမြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ရှမ်းမြောက်မှာ ရွေးကောက်ပွဲအပိုင်း (၃) အဖြစ် စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလထဲမှာ တအာင်းတပ် TNLA ထံ ပြန်သိမ်းနိုင်ခဲ့တဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။
သီပေါနဲ့ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲမှာ စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်းနဲ့ ဖွံ့ဖြိုးရေးပါတီ- USDP နဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ဇန်နဝါရီ ၂၅ ရက်မှာ ရွေးကောက်ပွဲအပိုင်း (၃) အဖြစ် နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၆၁ မြို့မှာ စစ်ကောင်က ရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။
ရှမ်းမြောက်မှာ ရွေးကောက်ပွဲအပိုင်း (၁) အဖြစ် နောင်ချို၊ လားရှိုး၊ မူဆယ်၊ အပိုင်း (၂) မှာ တန့်ယန်း၊ မိုင်းရယ်နဲ့ အပိုင်း (၃) မှာ ကျောက်မဲနဲ့ သီပေါမြို့နယ်တွေကို ထည့်သွင်းကျင်းပခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပိုင်း ၁ နဲ့ အပိုင်း ၂ မှာ ရှမ်းမြောက်မှာ ရွေးကောက်ပွဲကျင်းပတဲ့ မြို့နယ်အားလုံးရှိ ပြည်သူ့ လွှတ်တော်နေရာအားလုံးနီးပါး USDP ကဘဲ အနိုင်ရရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲအပိုင်း- ၁ နဲ့ အပိုင်း- ၂ အပြီး အမျိုးသားနဲ့ ပြည်သူ့လွှတ်တော်နေရာမှာ USDP က လွှတ်တော်နေရာ ၂၃၀ မှာ အနိုင်ရထားပါတယ်လို့ ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။