ဝတ်မှုံ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ မှတ်ပုံတင်လုပ်ရင် လူဝင်မှုကြီးကြပ်ရေးဌာန(လဝက) ကို ငွေသိန်းချီပေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှတ်ပုံတင်ပြုလုပ်ရာမှာ လဝကဘက်က တိုင်းရင်းသားနဲ့ သွေးနှော ခွဲခြားထားပြီး မှတ်ပုံတင်တစ်ခုကို အနည်းဆုံး ၃ သိန်းကနေ အများဆုံး သိန်း ၂၀ အထိပေးနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောတယ်ပါတယ်။
“ပွဲစားနဲ့ ချိတ်ပြီးလုပ်ရင် ပွဲစားကတစ်ဆင့် ကိုယ်တိုင်လုပ်ရင် ကိုယ်နဲ့ချိတ်ဆက်ထားတဲ့ဝန်ထမ်း သို့မဟုတ် ဦးစီးမှူးထံ တိုက်ရိုက်ပေးရတာပါဗျ။ ဦးစီးမှူးနဲ့ ရင်းနှီးပြီး ချိတ်ဆက်လုပ်ရင်တောင် ၃ သိန်း အနည်းဆုံးသွင်းရတာ။ လဝက ရုံးသွင်းကြေး ၃ သိန်းကနေ ၅ သိန်းမှ သိန်း ၂၀ ထိရှိတယ်။ ပိုက်ဆံမပေးရင် မရတော့ ပေးလုပ်ရတာပဲ။ စမတ်ကတ်ဆို အလုအယက်တန်းစီရတာ။ မစီနိုင်ရင် လူငှားပြီးစီရတာ။ တစ်ယောက် ၂ သောင်းပေးရတယ် တန်းစီခ”
ဒါ့အပြင် စမတ်ကတ် ပြုလုပ်ရာမှာလည်း ကိုယ်တိုင်လုပ်ရင် တစ်ခုကို ၁ သိန်းကနေ ပွဲစားနဲ့လုပ်ရင် ၁၀ သိန်းအထိ ပေးရပြီး အိမ်ထောင်စု စာရင်းဖြည့်ရင်လည်း ၃ သောင်းကနေ ၅ သောင်းအထိပေးရသလို အသက်ပြည့်လို့ မှတ်ပုံတင် လဲလှယ်သူတွေလည်း ၁၅ သိန်းအထိ ပေးရတယ်လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“မှတ်ပုံတင်ဆိုရင် ၁၅ သိန်း၊ စမတ်ကတ်ဆိုရင် ၁၀ သိန်းတဲ့ အလောက်တော့ အပြင်စျေးပေါက်တာပေါ့။ တကယ်လို့သာ ရုံးကို တိုက်ရိုက်သွားရင်တော့ အဲလောက်ထိတော့ မပေးရဘူး။ ပွဲစားနဲ့သွားရင် မြန်တော့မြန်တယ်။ ပိုကုန်တတ်တယ်။ အဲလိုမျိုးပုံစံ”
စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲမတိုင်ခင်အထိ မှတ်ပုံတင်တွေကို အခမဲ့လုပ်ပေးခဲ့ပြီး ရွေးကောက်ပွဲပြီးနောက်မှာပဲ အခုလို ငွေပေးရတာလို့ ဆိုပါတယ်။
ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ တအာင်းတပ်-TNLAဆီကနေ ပြန်လည်သိမ်းယူခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။