ရွှေဖီမြေ၊ ဇန်နဝါရီ ၃၀ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စိုးမိုးနယ်မြေအတွင်း ဖြတ်သန်းသွားလာတဲ့ မော်တော်ယာဉ်တွေကနေ ဖမ်းဆီးရမိတဲ့ ကျပ်သိန်းပေါင်း တစ်သိန်းခန့်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ NUG က မနေ့ ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဘိန်းဖြူ ၆,၅၄၅ ခွက်၊ WY စိတ်ကြွဆေးပြား ၄,၆၇၂,၀၀၀ ပြားကို NUG အုပ်ချုပ်နယ်မြေတစ်နေရာမှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်းပေါင်း တစ်သိန်းခန့်ရှိနိုင်တယ်လို့ ဆိုပါတယ်။
မီးရှို့ဖျက်ဆီးခဲ့တဲ့ ဘိန်းဖြူတွေဟာ မြန်မာနိုင်ငံကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဖမ်းဆီးကာ NUG ထံ အပ်နှံခဲ့တာဖြစ်ပြီး WY စိတ်ကြွဆေးပြားတွေကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့နဲ့အတူ ဒေသခံတွေ၊ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ရဲဘော်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်မှုနဲ့ ပတ်သက်တဲ့ တရားခံတွေကို NUG က ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။