သုတ၊ မတ်လ ၆ ရက်၊ မိုးကုတ်
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ် ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ် အပြန်အလှန် ထိုးစစ်ဆင်တာတွေ ရှိနေပြီး နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တိုက်ပွဲကတော့ နေ့စဉ်လိုလို ဖြစ်နေတယ်။ စစ်ကောင်စီဘက်ကလည်း နေ့တိုင်းလိုလို လက်နက်ကြီးနဲ့ ထုနေတယ်။ ဒီရက်ပိုင်းက မိုးကုတ်အနောက်ပိုင်း ဘော်မားရွာဘက်မှာ ဖြစ်နေတာ”
မိုးကုတ်အရှေ့ပိုင်းမှာ စစ်ကောင်စီက ဌာနဆိုင်ရာတချို့ ပြန်လည်ပတ်နိုင်ပေမဲ့ မိုးကုတ်အနောက်ပိုင်းမှာ နေ့စဉ်လိုလို ပစ်ခတ်သံတွေ ကြားနေရတယ်လို့ မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့မိုးမိတ်မြို့ထဲ စစ်ကောင်စီက ပြန်လည် ထိန်းချုပ်ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။
မြို့ပြင်နေရာတွေမှာတော့ စစ်တပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသလို တော်လှန်ရေးတပ်ဘက်ကလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မလည်ပတ်နိုင်အောင် တိုက်ခိုက်နေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလမှာ မိုးကုတ်-မိုးမိတ် စစ်ဒေသအတွင်း တိုက်ပွဲပေါင်း ၁၇ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး မလည်ပတ်နိုင်အောင် အဓိက တိုက်ခိုက်သွားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။