လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၂ ရက်၊ မန္တလေး
ရှမ်းမြောက် ကျောက်မဲကနေ မန္တလေးကို ဒေသထွက်ကုန် တင်ပို့တဲ့ ကုန်တင်ကားတွေကို စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့လက်အောက်ခံ ရဲတွေက ငွေအဆမတန်တောင်းနေတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
၁၆ မိုင်ဂိတ်၊ ပြင်ဦးလွင် X ray၊ ဝက်ဝံ x ray၊ ထင်းရူးတော၊ လွန်းကျော် ဘုရားကုန်း၊ နောင်ချို ဘန့်ဘွေး တိုးဂိတ်၊ နောင်ချို မြို့အဝင်ဂိတ်နဲ့ မြို့အထွက်ဂိတ်၊ ဂုတ်တွင်း နောင်ပြစ်ရွာအဝင်ဂိတ်၊ ရဲရွာလမ်းခွဲ၊ စခန်းသာရွာထိပ်နဲ့ ကျောက်မဲမြို့မုခ်ဦး စတဲ့ ဂိတ်တွေမှာ ငွေအဆမတန်တောင်းနေတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။
“လက်ဖက်ခြောက်ကား တောင်းတယ်။ ပြီးရင် ဒီကျောက်မဲနယ်ထဲမှာ ထွက်ထားတဲ့ ပြောင်းဖူးကားတွေဆိုရင်လည်း တောင်းတယ်။ ဒေသထွက်ကုန်တွေနဲ့ ဘာမှမဆိုင်ပဲနဲ့ ထောက်ခံစာတွေ လျှောက်တောင်းနေတာ။ ပွဲရုံရဲ့ လုပ်ငန်းလိုင်စင်ပါလည်း မရဘူး။ ရပ်ကွက်၊ ကျေးရွာရဲ့ ထောက်ခံစာ လျှောက်တောင်းတာ။ ထင်းရူးတောဂိတ်က ရဲက တခါတလေ သေနတ်ပြပြီး လေးငါးသောင်း တောင်းတာ။ ဝက်ဝံဂိတ်က ယာဉ်ထိန်းတွေက ကားတွေကို အပြစ်မရှိ အပြစ်ရှာပြီး သုံးလေးသောင်း တောင်းတယ်”
အခုလို ကျောက်မဲကနေ မန္တလေးကို ကုန်တင်တဲ့ကားတွေထံ စစ်ကောင်စီတပ်နဲ့ ရဲတွေက အခုလို အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းနေတာကြောင့် ဂိတ်တစ်ဂိတ်ကို အနည်းဆုံး ၅ သောင်းဝန်းကျင်ပေးနေရပြီး အသွားအပြန် ဂိတ်ကြေး ၁၀ သိန်းနီးပါး ကုန်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကုန်တင်ကားတွေအပြင် ဝက်ဝံ X ray ဂိတ်မှာ ခရီသည်တင်တဲ့ ကားတွေကိုလည်း ခရီးသည်တစ်ဦးကို ၄ ထောင် ပေးရတယ်လို့ သိရပါတယ်။
အလားတူ ကျောက်မဲမြို့နယ် ပါပုတ်ကျေးရွာအဝင်မှာလည်း စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ပူးပေါင်းပြီး ဖြတ်သန်းသမျှ ကုန်ကားတွေကို ငွေ ၅ သိန်းကနေ ၁ဝ သိန်းအထိ တောင်းခံနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။