ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ နောင်ချို
နောင်ချိုမြို့နယ်မှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးက ကြံခုတ်ရင်း ကြံခင်းထဲက ကြိုးမိုင်းထိမိတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး ဒဏ်ရာရခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက် မနက် ၈ နာရီဝန်းကျင်မှာ နောင်ချိုမြို့နယ် ကုန်းစံကျေးရွာနဲ့ ၁၅ မိနစ် ဝန်းကျင်သွားရတဲ့ ကြံခင်းထဲ ကြံခုတ်ရင်း ကြိုးမိုင်းကို ခြေထောက်နဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။
“တိုက်မိတာနဲ့ မီးက ကြိုးကနေတစ်ဆင့် ကျမဘက်ကို ရောက်လာတာ။ ပေါက်ကွဲတဲ့အချိန် မီးခိုးတွေလုံးပြီး နားအူသွားတာ။ ပြီးမှအချင်းချင်း သယ်ပြန်လာကြတာ” လို့ သူမက ပြောပါတယ်။
မိုင်းအမျိုးမျိုး ထပ်ရှိမှာကို စိုးရိမ်တာကြောင့် ၎င်းကြံခင်းကိုလည်း ဒီနေ့အထိ ဘယ်သူမှ လာမခုတ်ရဲကြတော့ဘူးလို့ သူမက ဆိုပါတယ်။
”ပေါက်ကွဲသံကြောင့် ကျမရဲ့သမီးလေးဆို ၃ ရက် ၃ ည လောက်မအိပ်ရဲဘူး။ လန့်ပြီး ကြောက်နေလို့” လို့ အထက်ပါ အမျိုးသမီးက ဆိုပါတယ်။
ဒဏ်ရာရသွားတဲ့ ၈ နှစ်အရွယ် ယွန်းဝတီက နားထင် ပေါက်တာနဲ့ မိခင်ဖြစ်သူ အသက် ၃၃ နှစ်အရွယ် မအေးအေးအောင်က ဦးခေါင်းပေါက်ခဲ့သလို ၃၀ နီးပါးအရွယ် မောင်နှမနှစ်ဦးဖြစ်တဲ့ မစန်းညိုက ခြေထောက် ပေါက်ပြဲတာ၊ မစန်းပိုက ခြေထောက်နဲ့ နောက်ကျော ပေါက်ခဲ့ရပါတယ်။
လက်ရှိမှာတော့ ၎င်းအမျိုးသမီးတွေဟာ နောင်ချိုပြည်သူ့ဆေးရုံကြီးမှာသာ ဆေးကုသမှုခံယူနေကြတယ်လို့ ဆိုပါတယ်။
လယ်ယာမြေထဲ လုပ်ကိုင်စားသောက်ဖို့ လိုအပ်တာကြောင့် သက်ဆိုင်ရာတွေက စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးကြဖို့ ရွာခံတွေက တောင်းဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်ကလည်း နောင်ချိုမြို့နယ် နောင်လင်ရွာက ကြံခင်းရှင်းနေတဲ့ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။