သုတ၊ မတ်လ ၉ ရက်
ရှမ်းမြောက်မှာ တရုတ်နိုင်ငံဘက်ကနေ စက်သုံးဆီတချို့ ဝင်လာပေမဲ့ မြို့နယ်အများစုမှာ ဆီ ပြတ်လပ်တာအပြင် ဈေးအဆမတန် မြှင့်တက်တာတွေ ကြုံနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
စစ်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ စက်သုံးဆီကို ပန့်ဆီဆိုင်တွေမှာ အကန့်အသတ်နဲ့သာ ရောင်းချပေးနေပြီး အပြင်မှာ တစ်လီတာကို ၁ သောင်းခွဲဝန်းကျင်အထိ ပေးဝယ်နေရတယ်လို့ လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကားဆို သုံးသောင်း၊ ဆိုင်ကယ်ဆို ၅ ထောင်ဘဲ ထည့်ပေးတယ်။ မြို့ထဲမှာတော့ တန်းနေရတာဘဲ။ တစ်လီတာကို (၄,၂၀၀) ပေးရတယ်။ အပြင်မှာတော့ တစ်လီတာကို တစ်သောင်းခွဲ၊ တစ်သောင်းနှစ်ထောင် ရောင်းနေတာဘဲ”
ဒါ့အပြင် စစ်ကောင်စီ ထိန်းချုပ်တဲ့ မူဆယ်မြို့မှာလည်း စက်သုံးဆီ တစ်လီတာကို ၇ ထောင်ကျပ်အထိ ဈေးမြှင့်တက်လာတယ်လို့ ကားသမားတွေဆီက သိရပါတယ်။
တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့မှာတော့ စက်သုံးဆီ တစ်လီတာကို ၅ ထောင်ကျပ်ဝန်းကျင်သာ ရှိပေမဲ့ နမ္မတူ၊ မန်တုံနဲ့ နမ့်ဆန်မြို့အပါအဝင် တခြားမြို့နယ်မှာတေ့ာ ဓာတ်ဆီတစ်လီတာကို ၁ သောင်းဝန်းကျင်အထိ ဈေးရှိနေပြီး တချို့နေရာမှာ စက်သုံးဆီ ပြတ်လပ်တာတွေ ကြုံနေရပါတယ်။
“နမ့်ဆန်မှာက တစ်လီတာကို ၈ ထောင် ပေးရတယ်။ မနက်ပိုင်းဘဲ ရတယ်။ နောက်ကျရင် မရတော့ဘူး” လို့ နမ့်ဆန်မြို့ခံတစ်ဦးက ပြောဆိုပါတယ်။
ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ ပြတ်လပ်မှု မရှိသေးပေမဲ့ စက်သုံးဆီ တစ်လီတာကို ၈ ထောင်ကျပ်အထိ ဈေးမြှင့်တက်လာတယ်လို့ သိရပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင်မှာတော့ စက်သုံးဆီ တစ်လီတာကို ၄,၆၀၀ ကျပ်သာ ပေးရတယ်လို့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“၁၀၅ မိုင်မှာက တစ်လီတာကို ၄,၆၀၀ ပေးရတယ်။ ပါဆယ်တော့ မရဘူး။ ကားထဲတော့ အပြည့်ထည့်လို့ ရတယ်”
အီရန်နဲ့ အစ္စရေး၊ အမေရိကန်တို့ရဲ့ စစ်ပွဲကြောင့် ကမ္ဘာ့စက်သုံးဆီ သယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် မြန်မာအပါအဝင် နိုင်ငံအများစုက စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာ ဖြစ်ပါတယ်။
ရှမ်းမြောက်မှာတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်က စက်သုံးဆီတွေကို ဝယ်ယူခွင့် ရရှိထားပါတယ်။
စစ်ကောင်စီကတော့ ဆီ မပြတ်လပ်အောင် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာ စက်သုံးဆီ ရက်ပေါင်း ၄၀ ရက်စာ ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
စက်သုံးဆီ ချွေတာဖို့ အိမ်သုံးကားနဲ့ ဆိုင်ကယ်တွေကို ကား၊ ဆိုင်ကယ် နံပါတ် “စုံ၊ မ” ခွဲပြီး တစ်ရက်ခြား မောင်းနှင်ရမယ်လို့ စစ်ကောင်စီက မတ်လ ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။