လွေးလာဝ်ဇာရ်၊ ဖေဖော်ဝါရီ ၁၅ ရက်၊ မောက်မယ်
ရှမ်းတောင် မောက်မယ်မြို့နယ်က နာဟီးကျေးရွာထဲကို စစ်ကောင်တပ်နဲ့ PNO ပအိုဝ်းပြည်သူစစ်အဖွဲ့တို့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်နဲ့ PNO အဖွဲ့တွေက နာဟီးရွာထဲကို လက်နက်ကြီး တစ်လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အသက် ၂၀ ကျော်အရွယ်ရှိတဲ့ အမျိုးသား ၁ ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။
PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “စစ်တပ်နဲ့ PNOအဖွဲ့က ဟိုချောင်းကနေ လက်နက်ကြီး လှမ်းပစ်တာ။ နာဟီးရွာထဲကို ကျသွားတာ။ နားဟီရွာက တိုက်ပွဲနဲ့ မဆိုင်တဲ့နေရာလည်း ဖြစ်တယ်။ ဒဏ်ရာရသွားတဲ့ အမျိုးသမီးတစ်ဦးက ဒဏ်ရာပြင်းထန်တဲ့ အခြေအနေ ဖြစ်နေပါတယ်” လို့ ပြောပါတယ်။
ဒေသခံတွေ နေထိုင်တဲ့ကျေးရွာထဲကို အခုလို လက်နက်ကြီးတွေနဲ့ ဒရုန်းတွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်နေတဲ့အပေါ်မှာ ပြည်သူတစ်ဦးအနေနဲ့ လုံးဝကန့်ကွက်တယ်လို့ ခွန်ရိန်းယံက ဆက်ပြောပါတယ်။
“ကိုယ်လူမျိုးတွေရဲ့ ကျေးရွာထဲကို အခုလို လက်နက်ကြီးတွေ ပစ်ထည့်တာကတော့ စိတ်မကောင်းဘူး။ မလုပ်သင့် မလုပ်ထိုက်တဲ့ လုပ်ရပ်ပါ ပြည်သူတစ်ယောက်အနေနဲ့ လုံးဝ ဆန့်ကျင်ပါတယ်။ ကန့်ကွက်ပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာလည်း ဗန်းမတ်ကျေးရွာထဲကို PNO အဖွဲ့ဘက်က လက်နက်ကြီးနဲ့ အသေခံ ဒရုန်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် အလုံး ၂၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။
အဲဒီဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာထဲကို PNO အဖွဲ့ဘက်က အခုလို လက်နက်ကြီးနဲ့ ဒရုန်း ပစ်ခတ်တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ဖြစ်ရပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမအပတ်ကလည်း စစ်ကောင်စီတပ်နဲ့ PNO အဖွဲ့တွေဟာ ခြိင်နန်ရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။