ရဲမာန်၊ ဖေဖော်ဝါရီ ၁၂ ရက်၊ မြောင်
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၂ ကြိမ် ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် TGR မှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၁ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တာလို့ ၎င်းက ဆိုပါတယ်။
“ပထမတစ်ကြိမ်တော့ ဂျိုင်ရိုကော်ပတာ ၂ စီးနဲ့ ကြဲတာ။ ဒုတိယအကြိမ်တော့ ပါရာမော်တာ ၁ စီးနဲ့ ပြန်ကြဲသွားတာပါ။ ကျနော်တို့အနေနဲ့တော့ စကစ လေကြောင်းတိုက်ခိုက်တာ အန္တရာယ်ကင်းနိုင်ဖို့ ပြည်သူတွေကိုဘဲ မေတ္တာရပ်ခံချင်တာပါ။ အထိအခိုက်နည်းပါးအောင် ဗုံးခိုကျင်းတွေ အိမ်တိုင်းအိမ်တိုင်း တူးထားစေချင်ပါတယ်”
အသက် ၂၇ နှစ်အရွယ် ကိုကျော်မျိုးသူနဲ့ အသက် ၂၅ နှစ်အရွယ် ကိုကုလားတို့နှစ်ဦးကို ထိမှန်ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
အလားတူ မနေ့ ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းမှာလည်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်း ဘုတ္ထန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဒီပဲယင်းမြို့နယ် ညီနောင်များက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မနက် ၇ နာရီ ၄၅ မိနစ်မှာလည်း စစ်ကောင်စီတပ်က မြောင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံးတစ်လုံး၊ ရော့ကဒ် ၆ လုံး ကြဲချတိုက်ခိုက်တာကြောင့် အရပ်သား ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။