ဝတ်ရည်၊ မတ်လ ၆ ရက်၊ ကောလင်း
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကိုယ်ဝန်သည် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၅ ရက် ညနေပိုင်းမှာ ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနားအနီးရှိ ကချင်ကုန်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာလို့ ဆိုပါတယ်။
“၂ ယောက် ဒဏ်ရာ ရရှိတယ်လို့တော့ သိရပါတယ်။ အဲထဲက တစ်ယောက်က ဆေးရုံ ပို့တဲ့အချိန် လမ်းတစ်ဝက်မှာ အသက်ဆုံးရှုံးခဲ့ပါတယ်။ ကောလင်းကို ကြဲပြီး နောက်တခြားနေရာကိုလည်း ကြဲတယ်။ နေရာအတိအကျ မသိရသေးတာပါ”
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသမီး ၂ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ မတ်လ ၁ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာလည်း ပင်လည်ဘူးမြို့နယ် လိပ္ပုတ်ရွာကို ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၉ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းအပါအဝင် စစ်ကိုင်းနဲ့ မကွေးတိုင်းထဲ မြပြင်ထိုးစစ် ဆက်တိုက် လုပ်ဆောင်နေသလို လေကြောင်း တိုက်ခိုက်မှုလည်း ဆက်လက် လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှု နေ့စဉ် ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။