လွေးဇွန်မိုး၊ ဖေဖော်ဝါရီ ၃ ရက်၊ ကျောက်မဲ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့နယ် နမ့်ဟူးတောင်းအထက်ရွာက နေအိမ်တစ်အိမ်မှာ စစ်ကောင်စီဝတ်စုံ ဝတ်ဆင်ထားသူ အမျိုးသား ၃ ဦးက ဆိုင်ကယ်လုယူမှုဖြစ်ပွားသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၈ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း (ခမရ – ၅၀၂) ကဆိုပြီး စစ်ကောင်စီဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသား ၃ ဦးဟာ နမ့်ဟူးတောင်းအထက်ရွာ နေအိမ်တစ်အိမ်မှာ အိမ်ရှင်အမျိုးသားနဲ့အတူ ဆိုင်ကယ်တစ်စီး ယူဆောင်သွားပြီး လမ်းတစ်ဝက်မှာ အိမ်ရှင်အမျိုးသားကို ကန်ချပြီး ဆိုင်ကယ်မောင်းပြေးသွားတယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“တကယ်တမ်းကျတော့ သူတို့က စကစ လူမဟုတ်ဘူးတဲ့။ စကစကို ဒေသခံတွေက သွားမေးကြည့်တာ။ သူတို့က မဟုတ်ဘူးတဲ့။ အဖွဲ့တစ်ဖွဲ့က လက်နက်အတုတွေယူပြီးတော့မှ ဘိုးတော်အိမ်ကို ဝင်တာ။ ဝင်ပြီး အဲလိုမျိုး ဓားပြဝင်တိုက်တာ။ ဘိုးတော်လည်း အရိုက်ခံရသေးတယ်တဲ့။ ထိခိုက်ဒဏ်ရာရရှိတယ်လို့ ပြောတာပဲ”
အလားတူ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာလည်း ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းက လူမရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က ဦးဆောင်ဖောက်ထွင်းပြီး ပစ္စည်းတွေ ခိုးယူနေတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်မှာ စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူခဲ့တာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။