ဓာတ်ပုံ – Shin Min Myat

ရွှေဖီမြေ၊ ဇန်နဝါရီ ၁၆ ရက်၊ မူဆယ်

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက်၊ မူဆယ်မြို့မှာ မင်္ဂလာဆောင်ဖျော်ဖြေဖို့အတွက်ဆိုပြီး အဆိုတော် ရှင်မင်းမြတ်နဲ့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူကို လိမ်လည်ဖိတ်ခေါ်ခဲ့ပြီး ပြန်ပေးဆွဲကာ ငွေကျပ်သိန်း ၃ ထောင်ကျော် ပြန်ပေးခဲ့ရတယ်လို့ အဆိုတော် ရှင်မင်းမြတ်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စစ်ကောင်စီရဲ့ မှုခင်းရဲတပ်ဖွဲ့ထံ ဖြစ်စဉ်အသေးစိတ်ပါ တိုင်ကြားထားတဲ့ တိုင်ကြားစာနဲ့ ရေးသားထားပါတယ်။

ဖြစ်စဥ်ဟာ မူဆယ်မြို့နယ်မှာ မင်္ဂလာဆောင်ဖျော်ဖြေဖို့ဆိုပြီး အလုပ်ကမ်းလှမ်းလာသူတွေက အဆိုတော် ရှင်မင်းမြတ်ကို ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ မူဆယ်အထိ ခရီးစဉ်တွေအတွက် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်တွေ ကြိုစီစဉ်ပေးခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့မှာ မူဆယ်မြို့က ဟော်ရှင်းဟိုတယ်ကို ရောက်ရှိတည်းခိုခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီကနေ အလုပ်အပ်တဲ့သူဘက်က လူ ၄ ဦးနဲ့ ပွဲလုပ်မယ့်နေရာကို ကြည့်ရှုဖို့ဆိုပြီး လိမ်လည်ခေါ်ဆောင်သွားပြီး ခေါင်းစွပ်စွပ်၊ လက်ထိပ်ခတ်ကာ ကျားဖြန့်လုပ်ငန်းခွင်တစ်ခုကို ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရှင်မင်းမြတ်က ဖော်ပြထားပါတယ်။

အဆိုပါ ကျားဖြန့်လုပ်တဲ့နေရာ ရောက်သွားချိန် လောက်ကိုင်မှာဖြစ်ခဲ့တဲ့ အမှုဟောင်းတစ်ခုကို အကြောင်းပြကာ ကနဦး ငွေကျပ်သိန်း ၇ ထောင် တောင်းခံပြီး တစ်ညအတွင်း ရှာမပေးနိုင်တာကြောင့် ရိုက်နှက်နှိပ်စက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

နောက်ပိုင်း ငွေကျပ်သိန်း ၆,၀၀၀ အထိ လျှော့ချပြီး သိန်း ၆,၀၀၀ ရှာမပေးနိုင်တာကြောင့် ကျပ် သိန်း ၃,၀၀၀ ရှာပေးနိုင်ရင် ပြန်လွှတ်ပေးမယ်လို့ ညှိနှိုင်းခဲ့တယ်လို့ တိုင်ကြားစာမှာ ဖော်ပြပါတယ်။

ကျပ်သိန်း ၃,၀၀၀ ရှာမပေးနိုင်ရင် သေနတ်နဲ့ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ငွေကျပ်သိန်း ၃၀၀၀ ကျော် ပေးလိုက်တာကြောင့် ပြန်ပေးဆွဲခံရပြီး ၄ ရက်အကြာ ဇန်နဝါရီ ၉ ရက် မနက်မှာတော့ မူဆယ်မြို့ လူပြတ်တဲ့ လမ်းကြားတစ်ခုမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ရှင်မင်းမြတ်က ဖော်ပြထားပါတယ်။

ပြန်မလွတ်လာခင် ညမှာလည်း ပြန်ပေးဆွဲခဲ့တဲ့ ဂိုဏ်းက အဆိုတော် ရှင်မင်းမြတ်နဲ့ သူ့ရဲ့ မိတ်ဆွေတစ်ဦးကို အတွင်းခံမပါဘဲ “ငွေကျပ်သိန်း ၃,၀၀၀ ချေးယူထားတယ်” ဆိုတဲ့စကားတွေကို အဆိုပါအဖွဲ့က လိမ်လည်ပြောဆိုခိုင်းခဲ့ပြီး ပြောဆိုနေတာတွေကိုလည်း ရုပ်သံရိုက်ကူးထားခဲ့တယ်လို့ တိုင်ကြားစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ရဲတိုင်ရင် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တွေကို အွန်လိုင်းကနေ ဖြန့်ဝေမယ်ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရတယ်လို့ တိုင်ကြားစာမှာ ပါရှိပါတယ်။

အဆိုတော် ရှင်မင်းမြတ်ပြန်ပေးဆွဲမခံရခင် ပြန်ပေးဆွဲခဲ့သူတွေဘက်က တည်းခိုဖို့ စီစဥ်ပေးခဲ့တဲ့ ဟော်ရှင်းဟိုတယ်ဟာ မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်မှာရှိတယ်လို့ သိရပါတယ်။

မူဆယ်မြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ လှုပ်ရှားသွားလာနေတဲ့ နယ်မြေဖြစ်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန်) ပေါများတဲ့ နေရာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်မှာ မူဆယ်မြို့ စွမ်စော်နဲ့ ကောင်းမူတုံရပ်ကွက်ရှိ ကျားဖြန်ရုံကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၄၁ ဦးနဲ့ မြန်မာနိုင်ငံသား ၉၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မူဆယ်မြို့က အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖျန်) လုပ်ကိုင်သူတွေထဲမှာ တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား ထောင်နဲ့ချီလည်း ပါဝင်လုပ်ကိုင်နေကြတယ်လို့ မူဆယ်မြို့မ ရဲစခန်းရှိ ရဲဝန်ထမ်းတစ်ဦးက ရွှေဖီမြေကို ပြောဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။