အလင်း၊ မတ်လ ၁၁ ရက်၊ ဟားခါး
ချင်းပြည်နယ် ဟားခါးမြို့မှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
ပြည်တော်သာရပ်ကွက်ရှိ ဧရာဝတီဘဏ်ရှေ့မှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်ကို ဒီနေ့ မတ်လ ၁၁ ရက် မနက် ၉ နာရီခန့်မှာ ချင်းကာကွယ်ရေးတပ် (ဟားခါး)က သွားရောက် ပစ်ခတ်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဘဏ်ရှေ့မှာ လုံခြုံရေးယူတဲ့ ရဲတွေကို ဒီမနက် CDF တွေက လာပစ်သွားတာပါ။ မိနစ် ၂၀ ကျော်လောက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်သွားသေးတယ်။ ရုတ်တရက် လာပစ်ခတ်သွားတာဆိုတော့ ရဲတွေဘက်က ထိခိုက်သေဆုံးမှု ဖြစ်သွားတာပါ” လို့ ဟားခါးမြို့ဒေသခံတဦးက ပြောပါတယ်။
အဲဒီပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင်ဘက်က ရဲ ဒုတပ်ကြပ် နှစ်ဦးဟာ ပြင်းထန်ဒဏ်ရာ ရရှိပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ တစ်ဦးက ရရှိထားတဲ့ ဒဏ်ရာနဲ့ နေ့လယ်လောက်မှာ ဆေးကုသမှု ခံယူနေရင်း သေဆုံးသွားတယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအပြီးမှာ ရုန်တောင်နဲ့ ဗျူဟာကုန်းမှ စစ်တပ်က ကားနဲ့လာရောက်ပြီး ဟားခါးမြို့တွင်း လမ်းဆုံ၊ လမ်းခွ၊ လူစည်ကားတဲ့နေရာတွေမှာ လမ်းသွားလမ်းလာသူတွေကို စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။