လွေးဇွန်မိုး၊ ဇန်နဝါရီ ၆ ရက်၊ စဥ့်ကူး
မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အနောက်ခြမ်းက ကြက်တူရွေးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မနေ့ ဇန်နဝါရီ ၅ ရက် နေ့လည် ၁၂ နာရီခွဲမှာ မတ္တရာဘက်ကနေလာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ကြက်တူရွှေးရွာထဲ ဝင်ရောက်လာပြီး ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Wetlet Informational Network တာဝန်ခံတစ်ဦးက ပြောပါတယ်။
“နေအိမ် ဘယ်လောက်လောင်သွားလဲဆိုတာ မသိရသေးဘူး။ စကစ က အဲထဲမှာ ရှိနေတယ်။ ရွာထဲမှာတော့ ပြည်သူတွေအားလုံးက တိမ်းရှောင်နေတာရှိတယ်ဗျ။ သူတို့က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတဲ့အခါကျတော့လေ”
ဒေသခံတွေကတော့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်ကစပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ နှစ်တွေမှာလဲ ကြက်တူရွှေးကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့ဖူးတယ်လို့ ဆိုပါတယ်။
“အဲဒီကြက်တူရွှေးရွာက ရွာကြီးဗျ။ ဒီ ၁၀၂၇ မစခင်ကတည်းက ဒီစဥ့်ကူးမြို့နယ် ရွာဘက်က ပျူရွာကနေပြီးတော့မှ အဲဘက်ကို အိမ်တွေတက်ရှို့ဆိုတော့ သူတို့အခုမီးရှို့တဲ့ အကြိမ်ရေက တစ်ကြိမ်တည်းလည်း မဟုတ်တော့ဘူး။ ရှေ့မှာအကြိမ်ပေါင်းများစွာရှိတယ်လေ။ အဲခါကျတော့ အိမ်ခြေရယ်လို့တော့ သိပ်မရှိတော့ဘူး။ တဲသစ်လေးတွေ ထိုးနေကြတယ်။ ရွာကတော့ ရွာကြီးပဲ”
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး မန္တလေး PDF နဲ့ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ သပိတ်ကျင်းမြို့နဲ့ နိုင်ဝင်ဘာလမှာ မတ္တရာမြို့နယ်ကို စစ်တပ် ပြန်ထိန်းချုပ်ခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။