ပို့လဘား၊ မတ်လ ၅ ရက်၊ ပခုက္ကူ
မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာကြီးကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ် နေအိမ် ၂၀ ကျော်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့ မတ်လ ၄ ရက် မနက် ၇ နာရီဝန်းကျင်မှာ ညောင်ဂျစ်ပင်ရွာကနေ အင်အား ၅၀ ကျော်နဲ့ စစ်ကြောင်း ထိုးလာတဲ့ စစ်တပ်ဟာ ရေလာကြီးရွာထဲ ဝင်ရောက်လာပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“သူတို့ ညောင်ဂျစ်ပင်မှာ စခန်းချထားတယ်။ ညောင်ဂျစ်ပင်နဲ့ ရေလာကြီးရွာက သိပ်မဝေးဘူးလေ။ လှမ်းခေါ်ရင်တောင် ကြားရတယ်။ အဲမှာ သူတို့ ဝင်ရောက်မီးရှို့ပြီး ပြန်ထွက်လာတာ။ ပြီးတော့ ကမ္မဘက်မှာလည်း ဒေသခံတွေ ဖမ်းဆီးထားတာတွေလည်း ရှိတယ်။ ဖမ်းထားပြီး ပြန်လွှတ်ပေးတယ်”
ရေလာကြီးရွာမှ ဒေသခံတွေဟာ စစ်တပ်ရဲ့ စစ်ကြောင်းကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က မြိုင်မြို့နယ်ထဲက ဘုန်းကြီးကျောင်းမှာ သိမ်းဆည်းထားတဲ့ လူထုပိုင် ဆန်အိတ် ၄၀၀ ကျော်နဲ့ ပဲအိတ်ကိုလည်း စစ်တပ်က အဓမ္မသိမ်းယူသွားတဲ့အပြင် သံဃာတော် ၂ ပါးကိုလည်း ရိုက်နှက်သွားခဲ့ပါတယ်။
ဇန်နဝါရီ ၁၅ ရက်ကလည်း ပခုက္ကူမြို့နယ် ကိုင်းစံပြကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဒေသခံ နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။