ဝတ်ရည်၊ ဖေဖော်ဝါရီ ၆ ရက်၊ ဖားကန့်
တိုက်ပွဲ ဆက်လက် ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်မှု ရှိနေတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် ညနေ ၄ နာရီ ၄၀ မိနစ်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ကို လေကြောင်းကနေ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲတွေကတော့ ဆက်လက် ပြင်းထန်နေဆဲပဲ ဖြစ်ပါတယ်ဗျ။ စစ်ကောင်စီတပ်ဘက် လက်နက်ကြီးတွေနဲ့ ဒေသခံတွေ နေထိုင်တဲ့ ရပ်ကွက်တွေမှာ ထုနေတာ။ ညနေကလည်း လေကြောင်းနဲ့ဆိုတော့ ထိခိုက်မှု ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲကြားကာလကြောင့် စာရင်းအတိအကျ မသိနိုင်သေးတာပါဗျ”
ဖားကန့်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်အထိ တိုက်ပွဲ ပြင်းထန်နေပြီး ဒေသခံ ထိခိုက်သေဆုံးမှုလည်း နေ့စဉ် ရှိနေတယ်လို့ ဆိုပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၆ ရက်အထိ တိုက်ပွဲကာလအတွင်း ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ၂၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း တိုးလာနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်အကြားလည်း စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။