ဝတ်ရည်၊ မေလ ၅ ရက်၊ ဖားကန့်
တိုက်ပွဲ ဆက်လက်ပြင်းထန်နေတဲ့ ဖားကန့်မြို့ လုံးခင်းကျေးရွာ ရပ်ကွက် ၅ မှာ တိုက်ပွဲကြားက လက်နက်ကြီးကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မေလ ၅ ရက် မနက် ၅ နာရီမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဖားကန့်ဗျူဟာကုန်းကနေ စစ်တပ်က လက်နက်ကြီး အလုံး ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“မနေ့က လက်နက်ကြီးကျတာ ရပ်ကွက် ၄ ဘက် ကျတာ။ ဒီနေ့တော့ ရပ်ကွက် ၅ ဘက် ကျတာလေ။ တိုက်ပွဲကတော့ အတော်ပြင်းတယ်”
မနေ့ မေလ ၄ ရက်နဲ့ ဒီနေ့ မေလ ၅ ရက်မှာတင် တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ မြေပြင်ရှိ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
“စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတာ ရှိပါတယ်။ မှော်စီစာတကျောမှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။ ဒီနေ့လည်း လက်နက်ကြီးတွေ ဆက်တိုက် ပစ်နေပါတယ်။ သူတို့ရဲ့ အလောင်း ၁၀ လောင်းတော့ ရရှိထားတယ်”
မနေ့ မေလ ၄ ရက် မနက်ပိုင်းက လုံးခင်းရွာမှာ စစ်တပ်နဲ့ KIA တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲ ပြင်းထန်ပြီး တိုက်ပွဲကြား ပိတ်မိနေတဲ့ ဒေသခံတချို့လည်း ရှိနေတယ်လို့ ဆိုပါတယ်။
မနေ့မနက် ၈ နာရီခွဲမှာလည်း ဖားကန့်ဗျူဟာကုန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က လုံးခင်းနဲ့ လယ်ပြင်ရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖားကန့်မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်ကစပြီး တိုက်ပွဲ ပြန်လည်ပြင်းထန်လာတာဖြစ်ပြီး တိုက်ပွဲကြားက လက်နက်ကြီးကြောင့် ဒေသခံ ၂၀ ဦးထက်မနည်းလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲ လက်ရှိအချိန်ထိ ကျန်ရှိနေသေးတဲ့ ဒေသခံလူထုတွေအနေနဲ့လည်း စစ်တပ်ရဲ့ လေကြောင်းရန်ကို အထူးဂရုစိုက် နေထိုင်ကြဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။