မြတ်နိုး၊ ဒီဇင်ဘာ ၃၀ ရက်၊ ဗန်းမော်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကမ္ဘနီကျေးရွာအုပ်စု၊ ကံကြီးကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက် နေ့လည်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးကာ နေအိမ်တွေပါ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ပြည်သူတွေ ထိကုန်ပြီ။ ရှမ်း အဖွားတယောက်လည်း လေယာဉ်ဗုံးစ ထိသွားတယ်။ လူ တယောက်လည်း လေယာဉ်ဗုံး ထိပြီးသေထားတာ လူရုပ်နဲ့တောင် မတူတော့ဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီကမ္ဘနီကျေးရွာမှာ ဗမာလူမျိုးတွေအပြင် ရှမ်းလူမျိုးနဲ့ ကချင်လူမျိုးတွေ အတူတကွ နေထိုင်ကြတဲ့ ရွာဖြစ်တယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။
ဒါ့အပြင် မနေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ မိုးမောက်မြို့နယ်၊ နွမ်းလန်းရွာဘက်ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်သေဆုံးသွားတဲ့ အရေအတွက်ကို သေချာမသိရသေးသလို မီးလောင်ပျက်စီးသွားတဲ့ နေအိမ်စာရင်း အတိအကျကိုလည်း မသိရသေးပါဘူး။
စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ ကမ္ဘနီကျေးရွာအုပ်စုမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း ၁၅၇၇ ဦး နေထိုင်ကြောင်း သိရပါတယ်။
ဗန်းမော်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ ကချင်တပ် KIA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားလာတာဖြစ်ပြီး အခု ဒီဇင်ဘာလ ၂၅ ရက်လောက်ကစပြီး ဗန်းမော်မြို့တွင်းမှာ တိုက်ပွဲတစ်ဖန် ပြန်လည်ပြင်းထန်လာနေတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။