လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၁၆ ရက်၊ ကျောက်မဲ
စစ်ကောင်စီ ပြန်ထိန်းချုပ်တဲ့ ရှမ်းမြောက်က မိုင်းငေါ့ကနေ ကျောက်မဲမြို့အဝင် ပါပုတ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်က ပူးပေါင်းပြီး ဖြတ်သန်းသမျှ ကုန်ကားတွေကို ငွေ ၅ သိန်းကနေ ၁ဝ သိန်းအထိ တောင်းခံနေတယ်လို့ ကြုံခဲ့ရတဲ့ ကားသမားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ ကျောက်မဲမြို့ ပါပုတ်ကျေးရွာအဝင်က ဂိတ်တစ်ခုမှာ SSPP တပ်သားတစ်ဦးနဲ့ စစ်ကောင်စီတပ်သား ၅ ဦးဟာ ဖြတ်သန်းသမျှ ကုန်ကားတွေထံ တစ်စီးကို ငွေ ၅ သိန်းကနေ ၁ဝ သိန်း တောင်းခံတာကြောင့် ကားသမားတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။
“ပါပုတ်ရွာအဝင်မှာ သူတို့စောင့်နေတယ်။ ရှမ်းစစ်သားဝတ်စုံနဲ့ တစ်ယောက် စစ်တပ်ဘက်က ၅ ယောက်ရှိတယ်။ သူတို့ စောင့်နေတာ။ လာသမျှကားတိုင်းကို ပိုက်ဆံတောင်းနေတာ။ ပိုက်ဆံပေးနိုင်ရင်ဖြတ်။ မပေးနိုင်ရင် မဖြတ်နဲ့လို့ ပြောတယ်။ ကားသမားတွေလည်း အဆင်မပြေဘူးလေ။ သူတို့က ပိုက်ဆံတောင်းတာ နည်းတာမှ မဟုတ်တာ။ အဲလောက်ပိုက်ဆံနဲ့ ကားသမားတွေလည်း မတက်နိုင်ဘူး။ သွားရလာရတာလည်း ခက်ခဲတယ်” လို့ ပြောပါတယ်။
ငွေကောက်ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာကြောင့်ကောက်လည်းဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။
ဖြတ်သန်းသမျှ ကုန်တင်ကားတွေထံ တစ်စီးကို ၂ သိန်းကနေ ၁၀ သိန်းအထိ ပေးခဲ့ရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
“လိုင်းကားဆို ၁ သိန်း ပေးရတယ်။ ကုန်ကားကျတော့ အဆင်းဆိုရင် တစ်ခါတစ်လေ ၂ သိန်း ပေးရတယ်။ အတက်ဆို ၃ သိန်း။ သူတို့က လုပ်စားနေတာ။ တချို့ကုန်ကားဆို ၆ သိန်း ၁၀ သိန်းတောင် တောင်းတယ်။ အဲဂိတ်တစ်ခုထဲကို အဲလောက်ပေးရတာနော်။ ကျန်တဲ့ဂိတ်တွေ မပါသေးဘူး။ ကျန်တဲ့ ဂိတ်တွေလည်း ပေးရသေးတယ်။ SSPP အဖွဲ့တွေလည်း ဘယ်ကနေလာမှန်းမသိဘူး။ ရောက်ရောက်လာပြီး ပိုက်ဆံကောက်တယ်” လို့ ပြောပါတယ်။
တအာင်းတပ်ထိန်းချုပ်ခဲ့တဲ့ ကျောက်မဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။