လွေးဇွန်မိုး၊ ဇန်နဝါရီ ၁၉ ရက်၊ မူဆယ်
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာနယ်စပ် ရှမ်းမြောက် မူဆယ်မြို့မှာ ပြည်သူ့စစ်တစ်ဦးက သူ့ရဲ့အမျိုးသမီးဖြစ်သူကို သေနတ်နဲ့ပြန်ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပြည်သူ့စစ် အမျိုးသားတစ်ဦးက ကောင်းမှုတုံရပ်ကွက်ရှိ ၎င်းရဲ့နေအိမ်မှာ အမျိုးသမီးဖြစ်သူကို သေနတ်နဲ့ပစ်သတ်ခဲ့သလို သူ့ကိုယ်သူလည်း သေနတ်နဲ့ပြန်လည်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဥ် သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“သူဘာဖြစ်တာလဲတော့ သေချာမသိဘူး။ (မူးယစ်ဆေး)ကြောင်တာပဲနေမှာ။ ပြည်သူ့စစ်ဆိုတော့ ယာမ(ဆေးပြား)တို့ ခါခူး(ဘိန်းမည်း)တို့ ရှူကြတယ်လေ။ အိမ်ပြန်လာပြီးတော့ သူ့မိန်းမနဲ့ဘာတွေပြောကြလဲမသိဘူး။ ခဏနေတော့ သူ့မိန်းမကို ပစ်လိုက်တာ။ သူ့မိန်းမကိုပစ်ပြီးတော့ သူ့ကိုယ်သူလည်း ပြန်ပစ်တာ။ အဲအချိန် ပတ်ဝန်းကျင်ကကြားလို့ ဌာနဆိုင်ရာတွေကို အကြောင်းကြားလိုက်တာ”
အဆိုပါ ပြည်သူ့စစ်အမျိုးသားဟာ ဘာကြောင့်အခုလို လုပ်သွားလဲဆိုတာကိုတော့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သေးပါဘူး။
“အဲဒါတော့မှန်တယ်။ ဒါပေမဲ့ ဘယ်သူ လာပစ်သွားလဲ။ ဘယ်အဖွဲ့လဲတော့မသိဘူး။ ပြည်သူ့စစ်တော့ ပြည်သူ့စစ်ပဲ။ ဒါပေမယ့် အဖွဲ့အစည်း ဘယ်အဖွဲ့လဲ မသိဘူးဖြစ်နေတာ” လို့ နောက်ထပ်ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
အဲဒီပစ်ခတ်မှုဟာ ဒေသခံတွေရဲ့ ပြောဆိုချက်အရဖြစ်ပြီး သေဆုံးမှုအသေးစိတ်ဖြစ်စဉ်ကိုတော့ မသိရသေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၇ ရက်ကလည်း မူဆယ်မြို့မှာ ပြည်သူ့စစ် ဗိုလ်တစ်ဦးက အရက်သောက်လွန်ပြီး ၎င်းရဲ့ လက်အောက်ခံဖြစ်တဲ့ ပြည်သူ့စစ်၂ ဦးကို ပစ္စတိုသေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်ကလည်း မူဆယ်မြို့မှာရှိတဲ့ မန်ပြိန်းပြည်သူ့စစ်အချင်းချင်း မူးယစ်ဆေးဝါးအသုံးလွန်ပြီး ပစ်ခတ်မှု ဖြစ်ပွားရာကနေ ပြည်သူ့စစ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မူဆယ်မြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ သွားလာလှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်တာတွေ မကြာခဏဖြစ်ပွားနေသလို ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှုနဲ့ ပြန်ပေးဆွဲတာတွေ မကြာခဏဖြစ်ပွားနေပါတယ်။
အဲဒီပြည်သူ့စစ်တွေဟာ ကျားဖြန်၊ လောင်းကစားရုံ၊ မူးယစ်ဆေးဝါးနဲ့ ပြည့်တန်ဆာရုံတွေကို ကိုယ်စီပိုင်ဆိုင်ထားကြပြီး စစ်တပ်ထံ အခွန်ပေးဆောင်နေကြတာဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။