လွေးလာဝ်ဇာရ်၊ ဇန်နဝါရီ ၉ ရက်၊ ဝန်းသို
စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကောလင်းအင်ဖိုမှ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇန်နဝါရီ ၈ ရက် ည ၇ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ၅ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူထိခိုက်တာအပြင် နေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ကောလင်းအင်ဖိုမှ တာဝန်ရှိသူတစ်ဦးက “နေအိမ်တစ်လုံး ပျက်စီးတယ်။ တစ်လုံး မီးလောင်သွားတယ်။ ပြည်သူနှစ်ဦးက ဒဏ်ရာရသွားတယ်။ ဒဏ်ရာက ပြင်းထန်တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိမှန်ဒဏ်ရာရရှိသွားတဲ့ ဒေသခံနှစ်ဦးကတော့ အသက် ၅၀ ကျော် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။
ဝန်းသိုမြို့နယ်က ဒီနမ်းခမ်းရွာဟာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကို အခုတစ်ကြိမ်အပါအဝင် ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။