ဓာတ်ပုံ – CJ

အယ်လ်နော်အောင်၊ ဇန်နဝါရီ ၁၉ ရက်၊ မူဆယ်

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နန်းတော်ပေါက်ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ ဝင်ထွက်သွားလာခွင့်လက်မှတ် BP (စာအုပ်အနီ) ထုတ်ပေးရာ ဌာနမှာ တစ်အုပ်လျှင် တရားဝင်ဈေး (၅၀၀) ကျပ်သာ သတ်မှတ်ထားတဲ့ (BP) စာအုပ်ကို ငွေကျပ် ၅ သောင်းအထိ မူဆယ်ခရိုင် လဝကဝန်ထမ်းတွေက တောင်းယူနေတာကြောင့် ဒေသခံတွေက အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။

BP (စာအုပ်အနီ) လုပ်ကိုင်သူတွေနဲ့ စာအုပ်သက်တမ်းတိုးမယ့် မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ်၊ ပန်ဆိုင်း စတဲ့ဒေသက အိမ်ထောင်စုဝင်တွေဟာ ခရိုင်လဝကရုံးမှာ တိုကင်ယူပြီး လျှောက်ထားရတာကြောင့် တိုကင်အလှည့်ရောက်ရင် နန်းတော်ပေါက် အပေါ်ရုံးရှိ စာအုပ်ထုတ်ယူရာဌာနမှာ စာအုပ်ထုတ်ယူရတာ ဖြစ်ပါတယ်။

နိုင်ငံတော်မှ (၅၀၀) ကျပ် သတ်မှတ်ထားတဲ့ BP (စာအုပ်အနီ)ကို အလှည့်ကျစနစ်နဲ့ တာဝန်ထမ်းဆောင်နေကြတဲ့ ဒုတိယ-ခရိုင်လဝကမှူးတွေ ဖြစ်ကြတဲ့ ဒေါ်ဆွေဆွေလဲ့နဲ့ ဒေါ်နှင်းယုနိုင်တို့က ခရိုင်လဝကမှူး ဦးထွန်းဇော်ဦးရဲ့ အမိန့်အတိုင်း ၅ သောင်းကျပ်ပေးဖို့ တရားမဝင် တောင်းခံနေတာကြောင့် အခက်တွေ့နေရတာလို့ ဟိုနားရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကျမက ရွှေလီမှာ ဝယ်စရာလေးတွေရှိလို့ စာအုပ်လုပ်တာလေ။ ၅ ရာကို ငါးထောင်လောက်တောင်းရင် မပြောပါဘူး။ အခုက ၅ သောင်းတောင် တောင်းတယ်။ ငွေမပေးတော့ စာအုပ်ကို နောက်နေ့မှ လာယူဆိုပြီး ချိန်းတယ်။ နောက်နေ့သွားတော့ စာအုပ်ထုတ်ပြီးသွားပြီမဟုတ်လားလို့ မေးပြီး မပေးခဲ့ဘူး။ လက်မှတ်ထိုးပြီး ထုတ်ရတဲ့နေရာမှာ ကျမလက်မှတ်မဟုတ်ပဲ တခြားလက်မှတ် ထိုးထားတာကို ပြတယ်။ စာအုပ်မရခဲ့ဘူး။ ပြန်လျှောက်တော့ သက်တန်းရှိသေးတယ်ဆိုပြီး လုပ်မပေးပြန်ဘူး။ ကျမ တူမက သူတို့တောင်းတဲ့ငွေ ၅ သောင်းကို ပေးလိုက်တော့ ရသွားတယ်”

တစ်ရက်ကို စာအုပ်လုပ်သူ ရာဂဏန်းနဲ့အထက် ရှိပြီး ခရိုင်ရုံးရဲ့ (BP) တစ်ခုတည်းမှ ဝင်ငွေပင် နေ့စဥ် သိန်း (၂၀၀ ) မှ သိန်း (၄၀၀) ကြားရှိကြောင်း စုံစမ်းသိရှိရပါတယ်။

BP နဲ့ အခြားကဏ္ဍများက ရရှိတဲ့ ငွေကြေးတွေထဲမှ တောင်ကြီးရှိ ပြည်နယ်လဝကမှူးနဲ့ ရုံးချုပ်မှ ညွှန်ချုပ်၊ ဒုညွှန်ချုပ်တို့ကို လစဥ် သိန်း (၁၀၀) စီနဲ့ ပြည်ထောင်စုဝန်ကြီးကို နှစ်စဥ်ကြေး သိန်း (၅၀၀) ပေးဆောင်ရတယ်လို့လည်း လဝက သတင်းရင်းမြစ်တွေက ပြောပါတယ်။

မူဆယ်မြို့နယ် လဝကရုံးမှ အလှည့်ကျဝန်ထမ်းတစ်ဦးက “ကျနော်တို့က စာအုပ်မှာ တံဆိပ်တုံး ထုပေးတာ။ နာမည် ရေးသွင်းတာလောက်ပဲ လုပ်ရတာ။ ငွေကျတော့ ခရိုင်ကရတာ။ ကျနော်တို့ မြို့နယ်က လူတွေကို လက်ဖက်ရည်ဖိုးတောင် မပေးဘူး။ ခရိုင်လည်း အောက်ခြေဝန်ထမ်းက တစ်ရက်ငါးထောင်ပဲ ရတယ်။ ခရိုင်မှူးနဲ့ ဒေါ်ဆွေတို့ ဒေါ်ယုတို့ပဲ အများဆုံးရကြတာ။ တစ်ရက်တစ်ရက်ကို BPကနေ သိန်း (၃၀၀)ကျော်တော့ ရမှာပေါ့။ တခြားရတာတွေ ပေါင်းလိုက်ရင် တစ်ရက်ကို သိန်းတစ်ထောင်ကျော်မယ်ထင်တယ်။ သူတို့ကို တိုင်လည်း ဘယ်သူက အရေးယူမှာလဲ။ အထက်ကို လစဥ်ငွေပေးနေတာလေ။ အထက်ကလည်း ငွေရနေတော့ မသိသလို နေလိုက်တာပေါ့” လို့ ပြောပါတယ်။

ဒေသခံတွေအပေါ် မတရားသဖြင့် အနိုင်ကျင့်ပြီး ငွေကြေးရယူနေတဲ့ ခရိုင်လဝကမှူး ဦးထွန်းဇော်ဦးနဲ့ ဒုခရိုင်မှူး (၂) ဦးကို အရေးယူပေးရန်အတွက် မူဆယ်မြို့၊ တောင်ရပ်ကွက်၊ လူမှုကူညီရေးအဖွဲ့က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂) ရက် ရက်စွဲနဲ့ ပြည်ထောင်စုဝန်ကြီးထံသို့ လိပ်မူပြီး တိုင်ကြားထားကြောင်းလည်း သိရပါတယ်။

“ကျနော်တို့ သုံးယောက် (BP) စာအုပ် အလှည့်ရောက်လို့ သွားထုတ်တော့ ၅ သောင်း စီတောင်းတယ်။ ထွန်းဇော်ဦးရဲ့တပည့် နှင်းယုနိုင်က တောင်းတာ။ ကျနော်တို့အဖွဲ့က မဟုတ်တာ ဘာမှ မလုပ်တဲ့သူတွေလေ။ ဒီတော့ (၃) ယောက်အတွက် ၅ ထောင် ပေးလိုက်တယ်။ မယူဘူး။ စာအုပ်လည်း ကျနော်တို့ (၃) ယောက်ကို အခုထိ မပေးသေးဘူး။ ဒါကြောင့် ကျနော်ဦးဆောင်ပြီး ဝန်ကြီးရုံးကို တိုင်လိုက်တာ” လို့ ကိုယ်တိုင်ကြားခဲ့သူ အမျိုးသားတစ်ဦးက ပြောပါတယ်။‎

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။