မိုင်းရူပ၊ ဒီဇင်ဘာ ၃၁ ရက်၊ လားရှိုး
ရှမ်းမြောက် လားရှိုးမြို့မှာ ရွေးကောက်ပွဲပြုလုပ်ပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်မှာ စစ်ကောင်စီအဖွဲ့နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီတွေ့ဆုံမှုဟာ လားရှိုးမြို့ပြင်မှာ ရှိနေတဲ့ MNDAA တပ်ဘက်မှ တပ်ဆုတ်ပေးဖို့ ဆွေးနွေးတာဖြစ်နိုင်တယ်လို့ လားရှိုးမြို့ရှိ သတင်းအရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ဆင်နှစ်ကောင်ဟိုတယ်မှာ အစည်းအဝေးထပ်လုပ်တယ်။ ကိုးကန့်ဘက်က ကား ၇ စီးနဲ့ လာတာတွေ့တယ်။ လားရှိုးအနီးတစ်ဝိုက် ပြန်ဆုတ်မယ့်ကိစ္စဘဲ ဖြစ်ဖို့များပါတယ်။ ကိုးကန့်ဘက်က ဟိုယ၊ နောင်မွန်တို့ ဆုတ်ပေးရင် အကုန်စကစဘဲ ဖြစ်သွားမယ်။ လက်နက်ခဲယမ်းတွေလည်း အေးဆေးသယ်လို့ အနေအထားဖြစ်သွားမယ်” လို့ ဆိုပါတယ်။
ဒီတွေ့ဆုံမှုဟာ လားရှိုးမြို့မှာ ရွေးကောက်ပွဲကျင်းပပြီးနောက် စစ်ကောင်စီနဲ့ MNDAA အကြား ပြန်လည်တွေ့ဆုံတာဖြစ်ပါတယ်။
ကိုးကန့်တပ်က ၎င်းတို့ ထိန်းချုပ်နယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပခွင့် မပြုပေထားမယ့် ဒေသခံတွေကိုတော့ လားရှိုးမြို့ထဲမှာ စိတ်ကြိုက်မဲသွားပေးခွင့် ပြုထားတယ်လို့ သိရပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ်က စစ်ကောင်စီတပ်ထံ ပြန်လွှဲပြောင်းပြီးနောက် ဆင်နှစ်ကောင်ဟိုတယ်မှာ ၎င်းတို့နှစ်ဖွဲ့ကြား မကြာခဏ တွေ့ဆုံတာတွေ ရှိနေပြီး ဆွေးနွေးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဆင်နှစ်ကောင်ဟိုတယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်မှာလည်း စစ်ကောင်စီနဲ့ MNDAA တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသေးတယ်။
သတင်းတွေအရ ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပြင်က နေရာတွေအပြင် သိန္နီမြို့ကိုပါ စစ်ကောင်စီက ပြန်တောင်းနေပြီး MNDAA ဘက်က လက်ခံခဲ့တာ မရှိသေးပါဘူး။
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် MNDAA နဲ့ စစ်ကောင်စီတို့အကြား အပစ်ရပ်ခဲ့ပြီး ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်က နေရာတွေကို ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။