ပပ၊ ဇူလိုင် ၂ ရက်၊ ကျိုင်းတုံ
ရှမ်းအရှေ့ ကျိုင်းတုံမြို့မှာ သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသား ၄ ဦးက ပရိဘောဂဆိုင်မှ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲသွားကြောင်း ဖြစ်စဉ်ကိုသိရသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီနေ့ ဇူလိုင် ၂ ရက် နေ့လယ် ၃ နာရီ ဝန်းကျင်မှာ ကျိုင်းတုံမြို့ အမှတ် ၄ ရပ်ကွက်၊ နွဲနော်ရပ်က ကိုစိုင်းလွတ် ပရိဘောကဆိုင်ရှေ့မှာ အိမ်စီးကားအဖြူ စီးလာတဲ့ အမျိုးသား ၄ ဦးက သေနတ်(အရှည်) တွေ ကိုင်ဆောင်ပြီး ၎င်းဆိုင်ထဲက အမျိုးသမီးကို ကားပေါ်သို့ ဆွဲခေါ်သွားခဲ့တာ ဖြစ်ပါတယ်။
ဖြစ်စဉ်သိရသူ အမျိုးသားက “လမ်းမကြီးပေါ်မှာဖြစ်သွားတာ။ နေ့ခင်းကြီးလည်းဖြစ်တယ်။ ရဲစခန်းနဲ့လည်း နီးတယ်။ ဒါကိုကြည့်ရင် မြို့က တအားကြောက်စရာကောင်းနေပြီ။ နေရတာ ခပ်လန့်လန့်ဖြစ်နေတယ်” လို့ ပြောပါတယ်။
၎င်းပြန်ပေဆွဲမှုနဲ့ ပတ်သတ်ပြီး ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးဘဲ မိသားစုတွေက သက်ဆိုင်ရာကို အကြောင်းကြားထားကြောင်း သူကဆိုပါတယ်။
ကျိုင်းတုံမြို့မှာ လောင်းကစားဝိုင်းတွေ မျိုးစုံရှိတဲ့အပြင် ကျားဖျန့်တွေလည်း အခြေစိုက်နေတာကြောင့်နဲ့ မူးယစ်ဆေးဝါးတွေ အလွယ်တကူ ရနေတာကြောင့် ခိုးမှု၊ လုယက်မှုနဲ့ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ဆိုပါတယ်။
အလားတူ ဇွန်လ ၂၅ ရက် ညကလည်း ကျိုင်းတုံမြို့နယ် ကျိုင်းကာကျေးရွာမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသား စီးလာတဲ့ဆိုင်ကယ်နဲ့ဖုန်းကို အမျိုးသား ၄ ဦးက လုယက်ရိုက်နှက်ခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၃ ရက်ကလည်း ကျိုင်းတုံမြို့က ရွှေဆိုင်ပိုင်ရှင် ဓါးပြတိုက် သတ်ဖြတ်ခံခဲ့ရပေမဲ့ တရားခံတွေကို တာဝန်ရှိသူတွေက လက်ရှိအချိန်အထိ ဖမ်းဆီးအရေးယူနိုင်တာ မရှိသေးကြောင်း ဒေသခံတွေက ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။