ရွှေဖီမြေ၊ ဇန်နဝါရီ ၅ ရက်
ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်ကို နေ့စဥ် ကားအစီးရေ ၂၀၀ ကျော် ကုန်တင်ပို့မှုရှိပြီး ကုန်သွယ်မှုအရှိန်မြှင့်ထားတယ်လို့ ကိုးကန့်တပ်က မနေ့ ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ချင်းရွှေဟော် နယ်စပ်ဂိတ်ကနေ တရုတ်နိုင်ငံဘက်ကို ပြောင်းဖူးနဲ့ ကြံကို အဓိကထား တင်ဖို့ပြီး နေ့စဥ်တင်ပို့မှု ကားအစီးရေ ၂၀၀ ကျော်ရှိကာ ကြံတင်ပို့ယာဥ် ၅၀ ရာခိုင်နှုန်းကျော်နဲ့ ပြောင်းတင်ပို့မှု ၄၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တောင်သူတွေရဲ့ စိုက်ပျိုးရာသီထွက်ကုန်တွေကို အဓိက တင်ပို့တဲ့ ရာသီဖြစ်တာကြောင့် လယ်ယာထွက်ကုန်တင်တဲ့ယာဥ်တွေကို လျင်မြန်စွာ တင်ဖို့နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
စစ်ကောင်စီနဲ့ MNDAA တို့အကြား အပစ်ရပ်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်မှုတွေကို တရုတ်ဘက်က အကန့်အသတ်နဲ့ ကုန်သွယ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ တရုတ်ဘက်ကနေ မြန်မာဘက်ကို စားသောက်ကုန်အပါအဝင် ကုန်ပစ္စည်းတချို့ကို တင်သွင်းခွင့်ပြုပြီး စက်ပိုင်းနဲ့ဆိုင်တဲ့ ကုန်ပစ္စည်းတွေကိုတော့ တင်သွင်းခွင့် မပြုသေးဘူးလို့ MNDAA နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တရုတ်ဘက်ကနေ ဒီဘက်အထွက် တော်တော်များများ ကန့်သတ်ထားတယ်။ စက်သုံးပစ္စည်းဆိုရင် လုံးဝ ဝင်ခွင့်မရှိဘူး။ အစားအသောက်၊ အဝတ်အစား အဲတာတွေတော့ ဝင်လာတယ်” လို့ ဆိုပါတယ်။
တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ကို ကိုးကန့်တပ်က ထိန်းချုပ်ထားပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွေကိုတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်- MNDAA၊ တအာင်းတပ်- TNLA နဲ့ အာရက္ခတပ်တော်- AA တို့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။