သုတ၊ မတ်လ ၈ ရက်၊ တကောင်း
အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲရှိ တကောင်းမြို့အနီးကို စစ်ကောင်စီတပ် ရောက်ရှိနေပြီး တကောင်းမြို့ကို တော်လှန်ရေးတပ်တွေ လက်လွှတ်ရဖွယ် ရှိနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ မတ်လ ၇ ရက်အထိ စစ်တပ်ဟာ တကောင်းမြို့နဲ့ ၆ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ ရေယာဉ်ရွာကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်တွေမှာ ဖော်ပြထားပါတယ်။
စစ်တပ်ဟာ တကောင်းမြို့ကို ပြန်ရဖို့ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအနီးရှိ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ကနေ ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တကောင်းက ကျလုနီးပါး ဖြစ်နေပြီ။ စကစဘက်က ဒရုန်းတွေလည်း အားကောင်းလာတယ်။ ကျနော်တို့ရဲ့ အားနည်းချက် သိနေတော့ စကစဘက်က ဟိုဘက်ထိုးလိုက်၊ ဒီဘက်ထိုးလိုက် လုပ်နေတာ။ တကောင်းကို ပြန်ရဖို့ နည်းနည်းချင်းဆီ ရှေ့တိုးနေတာ”
NUG ဘက်ကတော့ တကောင်းမြို့တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တကောင်းမြို့ကို တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ခဲ့ရရင် မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့အားလုံး စစ်ကောင်စီလက်အောက် ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။
တကောင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲ NUG နဲ့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်ထားပြီး တကောင်းမြို့ဟာ မန္တလေး-သပိတ်ကျင်း-ထီးချိုင့်နဲ့ ကချင်ပြည်နယ် ဗန်းမော် လမ်းပိုင်းပေါ်မှာ တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ထားရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။