မိုင်းရူပ၊ မတ်လ ၁၀ ရက်၊ တကောင်း
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“တကောင်းကို ပေးလိုက်ရပါပြီ။ အခု စကစ စစ်ကြောင်းက တကောင်းမြို့အကျော် ညောင်လေးပင်ဘက် ရောက်နေပြီ”
စစ်တပ်ဟာ တကောင်းမြို့ကို ပြန်ထိန်းချုပ်ပြီးနောက် တရုတ်နိုင်ငံပိုင် တကောင်းနီကယ်စက်ရုံဘက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လာတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
“သူတို့ရဲ့ ရည်မှန်းချက်က တကောင်း မဟုတ်ဘူး။ နီကယ်စက်ရုံ အခု အဲဒီအထိ ဆက်ထိုးမယ့်သဘော တွေ့ရတယ်”
တကောင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လမှာ အမျိုးသားညီညွတ်ရေးအစိုးရ- NUG နဲ့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ စစ်ကောင်စီလက်အောက် ပြန်ရောက်သွားတာ ဖြစ်ပါတယ်။
NUG တပ်ဘက်ကတော့ တကောင်းမြို့ကို လက်လွှတ်ခဲ့ရတာနဲ့ ပတ်သက်ပြီး တစုံတရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
တကောင်းမြို့ကို တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ရတာကြောင့် မန္တလေးတိုင်းထဲက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့အားလုံး စစ်ကောင်စီလက်အောက် ပြန်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
တကောင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲ NUG နဲ့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တကောင်းမြို့ဟာ မန္တလေး-သပိတ်ကျင်း-ထီးချိုင့်နဲ့ ကချင်ပြည်နယ် ဗန်းမော် လမ်းပိုင်းပေါ်မှာ တည်ရှိပြီးတော့ စစ်ရေးအရ အရေးပါတဲ့နေရာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ တော်လှန်ရေးတပ်တွေဘက်က လက်လွှတ်ထားရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။