ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၄ ရက်
“ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် – UWSA က ဖမ်းဆီးရမိတဲ့ မြန်မာကျပ်ငွေ ၁၂ ဘီလျံရှိ မူးယစ်ဆေးဝါးကို တရုတ်နိုင်ငံသို့ လွှဲပေးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Wa News Land က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်မှာ ယုံးဟော် (Yonghe) နယ်စပ်ဂိတ်ကနေတစ်ဆင့် “ဝ” ပြည်နယ် တရားစီရင်ရေးကော်မတီ – WSP က တရုတ်ထံ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ အိုက်စ်လို့ လူသိများတဲ့ (Methamphetamine) ၁၆၂၂.၉ ကီလိုဂရမ်ဖြစ်ပြီး စစ်ကောင်စီ ထုတ်ပြန်ခဲ့ဖူးတဲ့ ဒေသကာလတန်ဖိုးအရ ကျပ်သိန်းပေါင်း ၁၂၃,၅၉၉ သိန်း တန်ဖိုးရှိပါတယ်။
“ဝ” လူငယ့်အသံရဲ့ ဖော်ပြချက်အရ အဲဒီမူးယစ်ဆေးဝါးတွေကို “ဝ” ပြည်အတွင်းကနေ နယ်စပ်ဖြတ်ကျော်ဖို့ သယ်ဆောင်တဲ့အချိန်မှာ တရုတ်ရဲ့ သတင်းအချက်အလက်အပေါ် အခြေခံပြီး စုံစမ်းထောက်လှမ်းကာ ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို ကားနဲ့ ဖမ်းဆီးရမိတာလို့ ဆိုထားပေမဲ့ ဘယ်နေရာမှာ ဘယ်လိုဖမ်းဆီးရမိလဲဆိုတာကို တိတိကျကျ ထုတ်ပြန်တာ မရှိသလို ဘယ်ဒေသကို သယ်ဆောင်ဖို့ ကြိုးစားနေလဲဆိုတာကိုလည်း ပြောဆိုတာ မရှိခဲ့ပါဘူး။
မြန်မာနိုင်ငံက ကမ္ဘာရဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နှင်းရေးအဖွဲ့ (UNODC) က ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ကလည်း သူတို့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မိုင်းရယ်နဲ့ သီပေါမြို့နယ်ထဲက မူးယစ်ဆေးဝါးချက်လုပ်တဲ့ စက်ရုံတွေ ဝင်ရောက်စီနင်းတာ ရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။