သုတ၊ ဖေဖော်ဝါရီ ၅ ရက်၊ မူဆယ်
ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင်မှာ အခွန်တွေ လျှော့ပေါ့ပေးဖို့ တောင်းဆိုတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
၁၀၅ မိုင်မှာ နေထိုင်တဲ့ ဒေသခံတွေဟာ တနိုင်တပိုင် လုပ်ကိုင်နေတဲ့ ကျောက်သယ်ကားတွေအပြင် ထင်း၊ ဝါး သယ်တဲ့ကားတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က အခွန်ကောက်ခံနေပြီး နေ့စဥ်တင်ဆောင်တဲ့ ကုန်အပေါ်မူတည်ပြီး ၂ သောင်းကနေ ၅ သောင်းကျပ်ဝန်းကျင် ပေးနေရတယ်လို့ ကိုယ်တိုင်ပေးခဲ့ရတဲ့ ၁၀၅ မိုင်ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“ကျောင်တင်ကား ၆ ဘီးကို တစ်ခါဖြတ်ရင် ၂ သောင်းခွဲ ပေးရတယ်။ ကိုယ်ဒေသမှာ ထွက်တဲ့ ထင်း၊ ဝါး၊ ကျောက် သယ်တာတို့ဆိုရင် တစ်ရက်စာ ၂ သောင်းခွဲ ပေးရတယ်။ ဟိုဘက်ဒီဘက်ရွာ သယ်တာတို့လည်း ပေးရတယ်” လို့ ဆိုပါတယ်။
နောက်ထပ် ၁၀၅ မိုင် ဒေသခံအမျိုးသားတစ်ဦးကလည်း ဒေသခံတွေရဲ့ ကားတွေကို ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က တခြားဒေသကကားတွေနဲ့ တန်းတူကောက်ခံနေပြီး တနိုင်တပိုင်လုပ်ကိုင်နေတဲ့ ဒေသခံတွေအတွက် အဆင်မပြေဘူးလို့ ဆိုပါတယ်။
“၁၀၅ မိုင်ကနေ မူဆယ်ဘက်ဆင်းမယ်ဆိုရင် ထုံးတင်မယ်။ ကားသေးနဲ့ တင်ရင်တောင် ကပ်တားချိန်ရတယ်။ ကပ်တားတက်ရင် တစ်တန်ကို (၁၂,၀၀၀) ပေးရတယ်။ အဲဒါအပြင် လမ်းကြေးဆိုတာ ရှိသေးတယ်”
ဒါကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဘက်က လူထုတွေအပေါ် အခွန်လျှော့ပေါ့ပေးဖို့ ဒေသခံတွေက တောင်းဆိုကြတာ ဖြစ်ပါတယ်။
၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ အာရက္ခတပ်တော် AA နဲ့ တအာင်းတပ် TNLA က တိုက်ခိုက်သိမ်းထားပြီး ၎င်းတို့ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လည်ပတ်နေတာလည်း ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။