ပို့လဘား၊ ဖေဖော်ဝါရီ ၁၂ ရက်၊ မူဆယ်
ညီနောင်မဟာမိတ် ၃ ဖွဲ့ ပူးပေါင်းထိန်းချုပ်ထားတဲ့ ရှမ်းမြောက် မူဆယ်မြို့နယ် ၁၀၅ မိုင်မှာ မိုင်းကို ဓားနဲ့ ခုတ်မိရာကနေ ပေါက်ကွဲလို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိတဲ့ ဂိုဒေါင်ဟောင်းတစ်ခုကို အဆိုပါအမျိုးသားတစ်ဦးက သန့်ရှင်းရေး လုပ်ပေးရာကနေ မိုင်းကို ဓားနဲ့ ခုတ်မိခဲ့တာလို့ ဆိုပါတယ်။
“တပ်အောက်က ဂိုထောင်ဟောင်းတခု သူရှင်းလင်းရေးလုပ်နေတာ။ သူမိုင်းခုတ်မိပြီး ပေါက်ကွဲတော့ အဲမာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးရဲ့ ရင်ဘက်ကို ထိတယ်။ သူကျတော့ ခြေထောက်ရယ် လက်ရယ် ဝမ်းဗိုက်နားမှာ ဒဏ်ရာရသွားတယ်” လို့ ဆိုပါတယ်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် အသက် ၃၈ နှစ်အရွယ်ရှိတဲ့ ကိုအိုက်ပန်းအောင်နဲ့ အသက် ၄၀ နှစ်အရွယ်ရှိတဲ့ မသင်းမာလွင်တို့ ထိမှန်ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရရှိထားတဲ့ ကိုအိုက်ပန်းအောင်နဲ့ မသင်းမာလွင်တို့ဟာ မူဆယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလကလည်း မူဆယ်မြို့ ၁၀၅ မိုင်မှာ အသက် ၄၂ နှစ်အရွယ်ရှိတဲ့ ဦးမန်ဘဟာဒူးဆိုသူဟာ နွားကျောင်းရင်း မိုင်းတစ်လုံးကို လက်နဲ့ ဖိမိရာ ပေါက်ကွဲခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်။
ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ ရှမ်းမြောက်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းတွေကြောင့် ကလေး ၂ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပြီး ကလေး ၆ ဦးအပါအဝင် ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။