ရွှေဖီမြေ၊ မတ်လ ၄ ရက်
ရှမ်းအရှေ့နဲ့ ရှမ်းမြောက်က မြို့နယ်အများစုမှာ စက်သုံးဆီ အကန့်အသတ်နဲ့သာ ဝယ်ယူနေရပြီး မြို့နယ်တချို့မှာတော့ ဝယ်ယူလို့ မရတော့ကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
မနေ့ မတ်လ ၃ ရက်ကစပြီး ရှမ်းမြောက်နဲ့ ရှမ်းအရှေ့က မြို့နယ်အများစုမှာ ဓာတ်ဆီနဲ့ဒီဇယ်ကို ဆီဆိုင်တွေက အကန့်အသတ်နဲ့သာ ရောင်းချကြပြီး ဒေသခံတွေကလည်း ဆီ ပြတ်လပ်မှာကို စိုးရိမ်တာကြောင့် အလုအယက် ဝယ်ယူနေကြတာကို တွေ့နေရပါတယ်။
ရှမ်းအရှေ့ တာချီလိတ်မြို့မှ အမျိုးသမီးက “ဒီမှာက မနေ့ကစပြီး မြို့ထဲ အရမ်းကို ရှုပ်နေပြီ။ ဆီပြေးဝယ်နေရလို့။ ဆီဆိုင်တွေကလည်း ပါဆယ်နဲ့ မရောင်းပေးတော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် တချို့ဆီဆိုင်က မနက် ၈ နာရီနဲ့ နေ့လယ် ၃ နာရီအတွင်းသာ ဆီတွေကို ရောင်းချပေးနေတာကို တွေ့ရကြောင်း သူမက ပြောဆိုပါတယ်။
တာချီလိတ်အပြင် မိုင်းဆတ်နဲ့ ကျိုင်းတုံမှာလည်း အကန့်အသတ်နဲ့သာ ဝယ်ယူနေရပြီး ဆီဈေးဟာ ၁ လီတာကို မြန်မာကျပ်ငွေ ၆ ထောင်ဝန်းကျင်အထိ ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။
အလားတူ ရှမ်းမြောက် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နမ္မတူ၊ မန်တုံနဲ့ နမ့်ဆန် စတဲ့မြို့နယ်မှာလည်း စက်သုံးဆီ အလုအယက် ဝယ်ယူနေကြရသလို ဆီဆိုင်တွေကလည်း အကန့်အသတ်နဲ့သာ ရောင်းချပေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။
နမ္မတူမြို့မှ အမျိုးသားက “ခုဏက ဆီပုံး ယူသွားပြီး ဝယ်မလို့ မရတော့ဘူးတဲ့။ စီးလာတဲ့ဘီး အပြည့်ဘဲ ထည့်လာခဲ့ရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ကျောက်မဲမြို့မှာလည်း စက်သုံးဆီ လိုသလောက် မရတော့တဲ့အပြင် ဆီဈေးလည်း တစ်လီတာ ၅ ထောင်ကျော် ပေးဝယ်ခဲ့ရကြောင်း နောက်ထပ် ခရီးသွား အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။
ရှမ်းမြောက် နမ့်ဆန်မြို့မှာလည်း စက်သုံးဆီ လုံးဝ ဝယ်ယူလို့ မရတော့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မြို့နယ်တချို့မှာ စက်သုံးဆီဈေးတွေ တက်နေတာနဲ့ ဝယ်ယူလို့ မရတော့တာဟာ ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်ကစပြီး ကိုးကန့်တပ်- MNDAA က လမ်းပိုင်း ပိတ်ထားတာကြောင့်နဲ့ လက်ရှိ နိုင်ငံတကာ စစ်ပဋိပက္ခကြောင့် ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။