မိုင်းအရှိုင်း၊ မတ်လ ၁၃ ရက်၊ နမ္မတူ
ကိုးကန့်တပ်- MNDAA က လားရှိုးမြို့နယ်ကနေ တအာင်းတပ် ထိန်းချုပ်တဲ့ နမ္မတူမြို့ဘက် ကုန်တချို့ ဖြတ်သန်းခွင့် ပြန်ပြုခဲ့တယ်လို့ ကုန်ကားသမားတချို့ဆီက သိရပါတယ်။
“မနေ့ မတ်လ ၁၂ ရက်က တန်းစီရတဲ့ကားတွေ အကုန်ပြန်လွှတ်ပေးလိုက်တာ။ ဆန်တွေ၊ ဆီတွေ သယ်ခွင့်ပြုမပြုတော့ မသိဘူး။ ကျနော်တို့က ကုန်စည်တွေပဲ တင်တာ”
MNDAA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာ တအာင်းတပ်နဲ့ ကွတ်ခိုင်မြို့မှာ ပဋိပက္ခ ဖြစ်ပွားပြီးတဲ့နောက် တအာင်းဒေသထဲ ကုန်တင်ပို့ခွင့် ဖြတ်တောက်တာနဲ့ ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။
မနေ့ မတ်လ ၁၂ ရက်ကစပြီး ဒီနေ့ မတ်လ ၁၃ ရက် မနက်ပိုင်းအထိ လားရှိုးမြို့နဲ့ နမ္မတူမြို့သို့ ဆက်သွယ်ထားတဲ့ အီနိုင်းတံတားပေါ် ကုန်စည်တင်ပို့ခွင့်ကို ကိုးကန့်တပ်က ပြန်လည် ခွင့်ပြုလိုက်တာပဲ ဖြစ်ပါတယ်။
လားရှိုး-နမ္မတူ ကုန်သည်တစ်ဦးက “ဒီနေ့မနက်အထိတော့ ဖွင့်ပေးတယ်။ နေ့လယ် ၁၁ နာရီ ၁၂ နာရီလောက်အထိပဲ ဖွင့်တာ၊ ကုန်စည်တွေ အကုန်သယ်လို့ရတယ်” ဆိုပြီး ရွှေဖီမြေကို ပြောပါတယ်။
ဆောက်လုပ်ရေးကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း စတဲ့ကုန်ပစ္စည်းအများစု သယ်ခွင့်ပြန်ပြုပေမဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီနဲ့ လောင်စာဆီကိုတော့ သယ်ခွင့်မပြုသေးဘူးလို့ ဆန်ကုန်သည်တစ်ဦးဆီက သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။