ဝတ်ရည်၊ ဖေဖော်ဝါရီ ၂ ရက်၊ ဖားကန့်
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည် ဖားကန့်မြို့မှာ စာသင်ကျောင်းတစ်ခုပေါ် ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကျောင်းတက်နေတဲ့ ကလေးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ ဖားကန့်မြို့ မြို့မရပ်ကွက်မှာရှိတဲ့ အမှတ် (၁) အထက်တန်းကျောင်းက KG ကျောင်းဆောင်ပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
“တိုက်ပွဲတွေက ဒီနေ့အထိ ပြင်းထန်နေပါတယ်။ လက်ရှိအချိန်ထိတော့ ဒဏ်ရာရသူ ၂ ဦးပဲ သိရသေးတာပါ။ တစ်ယောက်က ခေါင်းထိလို့ စိုးရိမ်ရတယ်လို့ သိပါတယ်။ တိုက်ပွဲက နေ့စဉ်ဆက်တိုက် ဖြစ်နေတာပါ။ အဲဒီကလေး ၂ ယောက်ကတော့ လက်ရှိမှာ ဆေးကုသမှု ခံယူနေရပါတယ်”
စာသင်ကျောင်းဝန်းထဲမှာ လက်နက်ကြီး ကျရောက်ပေါက်ခဲ့တာကြောင့် အသက် ၁၀ နှစ်အရွယ် မောင်မင်းဝန့်ကိုနဲ့ အသက် ၁၀ နှစ်အရွယ် မရွယ်ဒင့်တို့ ထိမှန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက် မနက်ပိုင်းမှာလည်း ဆိုင်းတောင်ရပ်ကွက် ၃ မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး ဒူးမှာ လက်နက်ကြီးစ ထိမှန်ခဲ့သလို အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း ဘယ်ဘက်လက်မောင်းမှာ လက်နက်ကြီးစ ထိမှန်ခဲ့ပါတယ်။
ဖားကန့်မှာ စစ်တပ်က နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ဒရုန်း အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုလည်း တိုးလာနေပြီး လက်ရှိမှာတော့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်အကြားလည်း စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။