ဝတ်ရည်၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ပုဏ္ဏားကျွန်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ယိုးငူကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁၈ ဦးထိ ရှိလာပြီး ဒဏ်ရာရသူ ၁၄ ဦး ရှိတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“မနေ့ကတော့ ဒဏ်ရာရတာက ၁၅ ဦးပါ။ အဲဒီထဲက တစ်ယောက် ပြန်ဆုံးတာပါဗျ။ သေဆုံးတဲ့သူက ၁၈ ယောက် ဖြစ်သွားတာပါ။ နေအိမ်တွေရော စျေးဆိုင်တွေရောပဲ မီးလောင်မှု ဖြစ်ပွါးခဲ့တာလေ။ ဒေသခံတွေကိုသာ ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုပါ”
စစ်ရှောင်တွေ နေထိုင်တဲ့ ယိုးငူကျေးရွာကို စစ်ကောင်စီတပ်က မနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်အရ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁၇ ဦး သေဆုံးခဲ့တာဖြစ်ပြီး အသက် ၄ နှစ်အရွယ် ကလေးငယ်အပါအဝင် ၁၅ ဦးက အသီးသီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီ ၁၃ မိနစ်မှာလည်း တိုက်ပွဲဖြစ်ပွါးခြင်းမရှိပဲ အရပ်သားတွေ ဆေးကုသတဲ့ မြောက်ဦးမြို့ဆေးရုံကြီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံကြီးက တာဝန်ကျတဲ့ ဆရာမတချို့အပါအဝင် ဒေသခံ ၃၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၈၀ နီးပါးအထိ ရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက နယ်မြေတွေကိုလည်း မြေပြင်ထိုးစစ်တွေ ဆက်တိုက်လုပ်ဆောင်နေသလို လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ဆက်တိုက်လုပ်ဆောင်တာကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုတွေ နေ့စဉ်ရက်ဆက် ရှိနေပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။