အလင်း၊ ဇန်နဝါရီလ ၂၇ ရက်၊ ရခိုင်
အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏကျွန်းမြို့နယ်နဲ့ မင်းပြားမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်လို့ စတားလင့် အသုံးဆောင်ပစ္စည်းနဲ့ အဆောက်အဦးတချို့တို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ပက်ခွက်ဆိပ်ရွာရဲ့အနောက်တောင်ဘက် အများပြည်သူတွေ စတားလင့် အင်တာနက် အသုံးပြုတဲ့နေရာကို စစ်ကောင်စီက ဒီနေ့ ဇန်နဝါရီ ၂၇ ရက်၊ နံနက် ၁ နာရီခန့်မှာ လေကြောင်း ဗုံးကြဲတိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။
“အရပ်သားတွေ စတားလင့် အသုံးပြုတဲ့နေရာကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးသီး သုံးလုံး တိုက်ခိုက်သွားတာပါ။ ဗုံးကြဲခံရတဲ့ နေရာက ရွာနဲ့ မီတာ ၇၀၀ ကျော်လောက် ဝေးတယ်”လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။
အဲဒီ လေကြောင်း တိုက်ခိုက်လို့ အရပ်သား ထိခိုက်သေဆုံးမှု မရှိပေမဲ့ စတားလင့် အသုံးဆောင်ပစ္စည်းနဲ့ အဆောက်အဦးတချို့တို့ ထိခိုက်ပျက်စီးသွားပါတယ်။
အလားတူ စစ်ကောင်စီက ဒီနေ့ နေ့လယ် ၁ နာရီခန့်မှာ ပက်ခွက်ဆိပ်ရွာသစ် အနားကိုလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးနဲ့ နှစ်မိနစ်ခြား တစ်ကြိမ် စုစုပေါင်း (၄) ကြိမ် တိုင်တိုင် လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်သွားပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ အရပ်ပြည်သူတွေဟာ လေကြောင်းရန်ကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ဒီကနေ့ နံနက် ၁ နာရီခန့်မှာ မင်းပြားမြို့နယ်၊ တိုင်းဗဟို (၉) ကိုလည်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်သွားပြီး ဆက်သွယ်ရေးခက်ခဲမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ မသိရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဂျန်နဝါရီ ၂၀ ရက်နေ့ကလည်း ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းအစပ်၊ချောင်းတူရွာအနောက်ဖက် စစ်ကောင်စီက လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ ကလေးအပါအဝင် စစ်သုံ့ပန်း ၂၁ ဦး သေဆုံးခဲ့ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။