ရွှေဖီမြေ၊ ဒီဇင်ဘာ ၂၅ ရက်၊ ဝက်လက်
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး နှစ်ဦးအပါအဝင် သေဆုံးသူ ၇ ဦးအထိရှိလာတယ်လို့ Wetlet Information Network က မနေ့ ဒီဇင်ဘာ ၂၄ ရက်မှာ ထပ်မံ ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ ဝက်လက်မြို့နယ် ငါးပတ်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံး ၄ လုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇ ဦးအထိရှိလာပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၈၀ အရွယ် ဒေါ်သန်းမြ၊ အသက် ၇၅ နှစ်အရွယ် ဒေါ်ကျင်၊ အသက် ၂၅ နှစ်အရွယ် ကိုမင်းသန်း၊ အသက် ၁၄ နှစ်အရွယ် ကလေး ၁ ဦး၊ အသက် ၇ နှစ်အရွယ် ကလေး ၁ ဦး၊ အသက် ၃၅ နှစ်အရွယ် ဒေါ်မာသွယ်၊ အသက် ၈၀ ကျော် အရွယ် ဒေါ်ခင်တင့် တို့တွေ ထပ်မံသေဆုံးသွားခဲ့တာလို့ သိရပါတယ်။
လူထိခိုက်သေဆုံးခဲ့တဲ့အပြင် ဒေသခံတွေရဲ့ နေအိမ် ၄ လုံးလည်း မီးလောင်ပျက်စီးခဲ့ပြီး နွား ၁ ကောင်နဲ့ ကား ၃ စီးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်မှာ ဝက်လက်မြို့နယ် ဆည်တောကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ဦး သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိတယ်လို့ ဆိုပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်မှာလည်း ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးမှာရှိတဲ့ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။